Skip to main content

ရွေးကောက်ပွဲနေ့က နောင်ပိန်မဲရုံမှာ မဲလာထည့်တဲ့ ယာဉ်မောင်းတစ်ဦးဆီမှာ ပိုးတွေ့၊ လူ(၄၅)ဦးကို Quarantine ထားရှိ

ရွေးကောက်ပွဲနေ့က နောင်ပိန်မဲရုံမှာ မဲလာထည့်တဲ့ ယာဉ်မောင်းတစ်ဦးဆီမှာ ပိုးတွေ့ခဲ့ပါတယ်

လွေးနှင်းဖြူ၊ ရွှေဖီမြေ
နိုဝင်ဘာလ ၁၂ ရက်၊ ကျောက်မဲ

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲနေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာက ယာဉ်မောင်းတစ်ဦး မဲထည့်ပြီးနောက် မန္တလေးဘက် သွားဖို့အတွက် နောင်ချိုမြို့နယ်ဂိတ်မှာ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ယာဉ်မောင်းတစ်ဦးဆီမှာ ပိုးတွေ့ခဲ့တာကြောင့် ဆက်စပ်သူ (၄၅)ဦးကို Quarantine ထားရှိခဲ့တယ်လို့ ကျောက်မဲမြို့နယ် SNLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းကူးက ဒီနေ့ နိုဝင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။

“ပိုးတွေ့တာကတော့ နောင်ချိုကပါ။ နောင်ပိန်မှာ မဲဝင်ထည့်ပြီး နောင်ချိုမှာ သွားတွေ့တယ်။ သူက ကားဆရာတစ်ယောက် သူ့ကား အပြင်မှာ ရပ်ပြီးတော့ မဲလာထည့်တာ”

အဲဒီနေ့မှာပဲ နောင်ပိန်မှာ မဲရုံစောင့် တာဝန်ကျသူ (၄၅)ဦးကို Quarantine ထားရှိလိုက်တာ ဖြစ်ပါတယ်။

“မဲရုံမှာ စစ်ဆေးတာတွေ ရှိလောက်တယ်။ အပူချိန်တိုင်းတဲ့ တာဝန်ရှိသူတွေက ထမင်းသွားစားတာလား မသိဘူး။ သူလာတဲ့အချိန်လည်း လူက သိပ်မရှိတော့ဘူး။ နေ့လည် နှစ်နာရီလောက် ဖြစ်မယ်။ ပိုးတွေ့သူကတော့ နောင်ပိန် ဇာတိပဲဖြစ်မှာ သူက အဲမှာ မဲလာထည့်တယ်”

ကျောက်မဲမြို့နယ်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ တအာင်း(ပလောင်) အမျိုးသားပါတီ(TNP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ(UBP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)နဲ့ တစ်သီးပုဂ္ဂ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းအရ ကျောက်မဲမြို့နယ်ထဲမှာ မဲပေးနိုင်တဲ့ လူဦးရေ ၁ သိန်း ၃ သောင်းကျော် ရှိပါတယ်။

နောင်ရှင်၊ ခေးနင်း၊ ပန်လော့၊ ဟဲကွီ၊ ကွန်ကော်၊ မန်စင်(ခ)ပဇီ၊ ကော်ပေါင်း၊ ညောင်မောင်း၊ တော့ဆန်၊ ပါလှိုင်၊ ကွမ်းစလန်းနဲ့ ချုံးကျေးရွာအုပ်စု (၁၂)အုပ်စုတွေမှာတော့ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။

#ရွေးကောက်ပွဲ #ရောဂါပိုးတွေ့ #နောင်ပိန် #ကျောက်မဲ
#ဓာတ်ပုံ- လွေးပိုးဆငယ်၊ ရွှေဖီမြေ (ရွေးကောက်ပွဲနေ့က ဆန္ဒမဲ လာထည့်ကြတဲ့ ကျောက်မဲဒေသခံ)