Skip to main content

ပထမဆုံးအကြိမ် မဲထည့်ကြမယ့် လူငယ်တွေရဲ့ ရင်ခုန်သံ

လူငယ် ၅ သန်းခန့်ဟာ မနက်ဖြန် ရွေးကောက်ပွဲမှာ မဲပေးကြမှာ ဖြစ်ပါတယ်

မနက်ဖြန် နိုဝင်ဘာ ၈ ရက်မှာ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီနှစ် ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးနိုင်တဲ့လူငယ် ၅ သန်းခန့်ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်ထဲက ပထမဆုံအကြိမ် မဲပေးမယ့် လူငယ်အချို့တွေကို ရွှေဖီမြေ သတင်းထောက် မိုင်းနော;ဒါင်းနဲ့ လွေးအမ်ရွှေလီတို့က မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

🔴 လွေးခင်သိန်းကြည်
ဆိုင်တောင်ကျေးရွာ၊ နမ့်ခမ်းမြို့နယ်
“ပထမဦးဆုံး မဲပေးရတာဖြစ်တဲ့အတွက် ရင်လဲခုန်တယ် ပျော်လည်းပျော်တယ်။ မဲပေးလိုက်တဲ့သူဟာ ကိုယ့်ရပ်ရွာဒေသ ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးနိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်မယ်လို့ မျှော်လင့်ထားတယ်”

🔴 လွေးယေ့ဆိုင်လှိုင်း
နောင်စန့်ရပ်ကွက်၊ နမ့်ခမ်းမြို့
“ပထမဦးဆုံး မဲထည့်ရမှာရယ် မဲပေးတာ အတွေ့အကြုံမရှိတာကြောင့် ရင်ခုန်တယ်ပေါ့နော်။ ကိုယ်ပေးမယ့်ပါတီကို အနိုင်ရစေချင်တယ်။ သူတို့နိုင်မှ ပြည်သူတွေ လိုအပ်တာတွေ ဖြည့်ဆည်းပေးနိုင်မှာလေ”

🔴 မိုင်းကျော်မြင့်လှိုင်
နောင်စန့်ရပ်ကွက်၊ နမ့်ခမ်းမြို့
“ပထမဦးဆုံးမို့လို့ ရင်ခုန်စရာကောင်းတယ်။ ကျွန်တော်တို့ ပြည်သူအားလုံးကို ကြည့်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်မျိုးကို မဲထည့်မယ်။ အဲဒီလို လွှတ်တော်ကိုယ်စားလှယ် ဖြစ်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်တယ်”

🔴 လွေးခမ်းလူ
လွယ်ကန်ကျေးရွာ၊ မန်တုံမြို့နယ်
“မဲရုံထဲ တစ်ခါမှ မဝင်ဖူးတော့ အရမ်းရင်ခုန်နေတယ်။ ပြီးတော့ ပထမဆုံးကြိမ်လည်း ဖြစ်တယ်။ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိစေချင်တယ်”

🔴 မရွှေစင်
မြို့မရပ်ကွက်၊ မန်တုံမြို့
“ရင်တော့ မခုန်ဘူး။ ရပ်ရွာအကျိုး လုပ်ပေးတဲ့ ကိုယ်စားလှယ်မျိုး ဖြစ်စေချင်တယ်။ ကိုယ်မဲထည့်မယ့် ကိုယ်စားလှယ် အနိုင်ရရင် ထီပေါက်တာပေါ့”

🔴 မရွှေကြယ်
ဟိုခိုရပ်ကွက်၊ မန်တုံမြို့
“ပထမဆုံးအကြိမ် မဲပေးရမယ်ဆိုတော့ စိတ်လှုပ်ရှားနေတယ်။ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေ ရပ်ကျိုး ပြည်ကျိုးကို လုပ်ပေးစေချင်တယ်။ အပြောနဲ့အလုပ် ညီစေချင်တယ်”

#ရွေးကောက်ပွဲ #မဲဆန္ဒရှင် #လူငယ် #နမ့်ခမ်း #မန်တုံ
#ဓာတ်ပုံ- မိုင်းနော;ဒါင်း၊ ရွှေဖီမြေ, Facebook

Catagories