Skip to main content

ကျွန်တော်တို့ အိမ်မက်ဆိုးတွေ ထပ်မမက်ချင်တော့ပေ

ကျွန်တော်တို့ အိမ်မက်ဆိုးတွေ ထပ်မမက်ချင်တော့ပေ

မိုင်းအနိုင်၊ ရွှေဖီမြေ

မြန်မာနိုင်ငံကို အာဏာသိမ်းခဲ့ပြီး စစ်အာဏာရှင်အုပ်ချုပ်သည့်နေ့ကစ ညသန်းခေါင်ယံအချိန် ခွေးဟောင်သံကြားတိုင်း ထိုတစ်ညလုံး ကျွန်တော် အိပ်မပျော်တော့ပေ။ ထိုကဲ့သို့ နေ့ရက်များကို ဖြတ်ကျော်လာခဲ့သည်မှာ ယနေ့နှင့်ဆိုလျှင် (၁၃)ရက်တိတိပင် ရှိလာခဲ့ပြီဖြစ်သည်။

စစ်အာဏာရှင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ဝ ရက်တွင် မြန်မာနိုင်ငံရှိ မြို့အများစုကို ည ၈ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ပြီးအချိန်မှစ၍ ပိုလို့ပင် အိပ်မပျော်နိုင်ခဲ့ပေ။

ညမထွက်ရအမိန့်ဟု ဆိုသော်လည်း မြို့နယ်တိုင်းလိုလို ရပ်ကွက်နှင့်လမ်းကြိုလမ်းကြားများမှာ ကားသံ၊ ဆိုင်ကယ်သံ၊ စစ်ဖိနပ်သံ၊ ခွေးဟောင်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

ထိုညကို ဖြတ်သန်းပြီး နံနက်ခင်းတိုင်း ဆန္ဒပြပွဲမှာ ပါဝင်သူများ မနေ့ညတွင် ဖမ်းဆီးခံထားရပြီဟု သတင်းများသည် နေ့စဉ်တိုင်းလိုလို ကြားနေရသည်။ ထိုလုပ်ရပ်များသည် စစ်အာဏာရှင်အပေါ် လူထုများ၏ အမုန်းတရားများကို တူးဆွပေးနေသကဲ့သို့ ဖြစ်နေသည်။

အာဏာရှင်များကမူ ဆန္ဒပြပွဲကို ဦးဆောင်သူဟု ယူဆနေသူများကို ဖမ်းဆီးခြင်းအားဖြင့် ဆန္ဒပြပွဲအရှိန်သည် လျော့ကျသွားမည်ဟု ယူဆထားပုံရသည်။ ထိုကဲ့သို ဖမ်းဆီးမှုများ ပြုလုပ်ပြီး လူထု၏ အမုန်းတရားများကို တူးဆွပေးနေခြင်းမှာ ဆန္ဒပြပွဲများ အရှိန်အဟုန်မပျက် ပိုတိုးလာစေသည်မှာ လက်ရှိအခြေအနေက သက်သေပင်ဖြစ်သည်။

ဆန္ဒပြသူများ ဖမ်းဆီးခံရခြင်းသည် ဆန္ဒပြပွဲတွင် သတင်းထောက်ယောင်ဆောင်သည့် “သတင်းပေး” (Informer)များ၏ လက်ချက်ဖြစ်သည်ဟု ဆန္ဒပြကြသူများက သိရှိနားလည်ထားကြသည်။

အကြောင်းမှာ ဖမ်းဆီးသူများသည် ၎င်းတို့ရရှိထားသည့် ဓာတ်ပုံကို အနီးကပ်တိုက်ပြီး ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူမှုကွန်ရက်ပေါ်တွင် “သတင်းပေး” များ၏ အချက်အလက်ကို အများသိရှိနိုင်အောင် အချင်းချင်းပြန်လည် ဝေမျှပေးမှုများ ပိုမိုကျယ်ပြန့်လာသည်ကို တွေ့မြင်ရသည်။

သို့သော် သတင်းပေး လုပ်သူများသည် ဆန္ဒပြပွဲအတွင်းသို့ နည်းလမ်းအမျိုးမျိုးဖြင့် ဆက်လက် ပါဝင်နေအုံးမည့်အချက်မှာလည်း ငြင်းမရသလို ညသန်းခေါင်ယံချိန် ဖမ်းဆီးမှုများလည်း ဆက်လက်ဖြစ်ပွားနိုင်ခြေ ရှိနေသည်။

မနေ့ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ စစ်အာဏာရှင်က တစ်နိုင်ငံလုံးရှိ အကျဉ်းသား (၂၃,ဝဝဝ)ကျော်ကို ပြန်လွတ်ပေးခဲ့သည့်အတွက်ကြောင့် ပြည်သူများအတွက် ပိုမိုသတိထားရသည့် အနေထားသို့ ရောက်ရှိလာစေခဲ့သည်။

ထောင်သားများ ပြန်လွတ်လာပြီးနောက် မြို့ကြီးများဖြစ်သည့် မန္တလေးနှင့် ရန်ကုန်များတွင် ညပိုင်း၌ အိမ်တွင်းဖောက်ထွင်းမှု၊ မီးရှို့ရန်ကြံစည်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည်။ ထိုကဲ့သို့ ဆူပူမှုဖြစ်ပွားစေရန် လုပ်သူများမှာလည်း စစ်အာဏာရှင်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသည့် ထောင်သားများဖြစ်နေသည်။

၎င်းဖြစ်ရပ်မျိုး ဖြစ်နိုင်သည်ကို ကြိုမြင်သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဖြစ်သည့် မင်းကိုနိုင်တို့ကမူ အာဏာသိမ်းကောင်စီ လက်ကိုင်တုတ်များ၏ အန္တရာယ်မှ ကာကွယ်နိုင်ရန် လမ်းအလိုက်၊ ရပ်ကွက်အလိုက် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားရန် ပန်ကြားခဲ့သည်။

ထို့ကြောင့်လည်း မသင်္ကာသည့် လူအုပ်စုနှင့် ဖမ်းဆီးရန်လာရောက်သည့် ရဲတပ်ဖွဲ့ဝင်များကိုတွေ့လျှင် ရပ်ကွက်က ပြည်သူများ အများအပြား လာရောက်စည်းရုံးကြသည်မှာ လူထု၏ စည်းလုံးမှုအင်အားကို ပြသခြင်းပင် ဖြစ်ပေသည်။

အချို့သော မြို့၊ ရပ်ကွက်များမှာမူ ညအတွက် ပြည်သူ့လုံခြုံရေးအဖွဲ့ပင် ဖွဲ့စည်းလာကြပြီဖြစ်သည်။

ထိုနည်းသူ မသင်္ကာသူများတွေ့ရှိလျှင် သံပုံးတီး၍ ရပ်ကွက်ရှိ ပြည်သူများကို အော်ခေါ်၍ အကူအညီတောင်းခံခြင်း၊ ညသန်းခေါင်ယံအချိန် လာရောက်ဖမ်းဆီးမှုပြုလုပ်လျှင် ဘေးပတ်ဝန်းကျင်မှ အချင်းချင်းကူညီပေးကြရန်၊ ဝန်းရံကြရန် ဆော်သြသည့် စာများသည် လူမှုကွန်ရက်တွင် နေရာယူထားလျက်ရှိနေသည်။

ထိုကဲ့သို့ အချင်းချင်းဝန်းရံမှုများ၊ ကူညီဆောင်ရွက်မှုများဖြင့် စည်းလုံးမှသာလျှင် ကျွန်တော်တို့ တိုက်ပွဲဝင်နေသည့် ဒီမိုကရေစီနိုင်ငံတော်အစစ်မှန်ကို ရောက်ရှိလာမည်ဖြစ်ပေသည်။ အိမ်မက်လည်း ကောင်းကောင်းမက်နိုင်မည်ဖြစ်ပေသည်။

ကျွန်တော်တို့ ပြည်သူများသည် အိမ်မက်ဆိုးများကို ထပ်မမက်ချင်တော့ပြီ။

#အာဏာသိမ်းမှု #အိမ်မက်ဆိုး #လူထုလှုပ်ရှားမှု #ဖမ်းဆီးမှု #မြန်မာ
#ဓာတ်ပုံ- မိုင်းယိုင်နီ၊ ရွှေဖီမြေ