Skip to main content

ကျောက်မဲမြို့နယ်ထဲက စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ

ကျောက်မဲမြို့နယ်ထဲက စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ

လွေးနှင်းဖြူ၊ ရွှေဖီမြေ
ဇန်နဝါရီ ၁၉ ရက်၊ ကျောက်မဲ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲက စိတ်ကျန်းမာရေး မကောင်းတဲ့ အသက်(၃၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တစ်ရပ်ကွက်တည်း အတူနေထိုင်တဲ့ အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၅ ရက်က အဆိုပါ အမျိုးသမီး တစ်ယောက်တည်း ဆော့ကစားနေစဉ် တစ်ရပ်ကွက်ထဲ နေထိုင်တဲ့ အိုက်ပြုံး(၃၁ နှစ်)ဆိုသူက ၎င်းအမျိုးသမီး နေထိုင်တဲ့ တဲပေါ်ကိုတက်လာပြီးနောက် ငွေတစ်ရာတန် ၂ ရွက်ပေးပြီး အဓမ္မပြုကျင့်ခဲ့တာပဲ ဖြစ်ပါတယ်။

မိဘတွေက စစ်ဆေးမေးမြန်းရာ အိုက်ပြုံးဆိုသူဟာ ၎င်းကို ၂ ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီးတော့ တစ်စုံတစ်ယောက်ကို ပြောပြရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

အဓမ္မပြုကျင့်ခံရတာနဲ့ ပတ်သတ်ပြီးတော့ ရဲစခန်းကို တိုင်တန်းခဲ့တာကြောင့် ကျူးလွန်သူ အိုက်ပြုံးအား ကျောက်မဲမြို့နယ် နောင်ပိန်နယ်မြေရဲစခန်းက ဇန်နဝါရီ ၁၆ ရက်မှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (ပြစ်ဒဏ်- တသက်တကျွန်းထောင်ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ)နဲ့ အမှုဖွင့်ပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

#အမျိုးသမီး #အဓမ္မပြုကျင့်ခံရ #စိတ်ကျန်းမာရေးမကောင်းသူ #ကျောက်မဲ
#ဓာတ်ပုံ- PS