Skip to main content

တရားစွဲဆိုခံထားရတဲ့ မန်နားကျေးရွာက ကျောင်းအုပ်ဆရာမအမှု သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်

တရားစွဲဆိုခံထားရတဲ့ မန်နားကျေးရွာက ကျောင်းအုပ်ဆရာမအမှု သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်

လွေးပိုးဆငယ်၊ ရွှေဖီမြေ
ဇန်နဝါရီ ၁၈ ရက်၊ မိုးကုတ်

ပြီးခဲ့တဲ့ ၂ဝ၂ဝ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်က မန္တလေးတိုင်း မိုးကုတ်မြို့နယ် မန်နားကျေးရွာက ကျောင်းအုပ်ဆရာမ ဒေါ်သန်းသန်းမျိုးဟာ ဖမ်းဆီးခံထားရပြီး ဒီနေ့ ဇန်နဝါရီလ ၁၈ ရက် ရုံးထုတ်ရာမှာလည်း အမှုနဲ့ပတ်သက်ပြီးတော့ ထူးခြားမှု မရှိတဲ့အတွက်ကြောင့် ဒီရက်ပိုင်းအတွင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီနေ့ ရုံးထုတ်ချိန်မှာ ဒေါ်သန်းသန်းမျိုးကို ရုံးထုတ်စစ်ဆေးတာမျိုး မလုပ်တဲ့အတွက်ကြောင့် ဘာအမှုနဲ့ ဖမ်းဆီးထားပြီး တရားစွဲဆိုထားလဲဆိုတာကို လက်ရှိအချိန်ထိ မသိရသေးဘူးလို့ မိုးကုတ်မြို့နယ် တအာင်းစာပေနဲ့ ယဉ်ကျေးမှု ယာယီအတွင်းရေးမှူး မိုင်းဝဏ္ဏက ပြောပါတယ်။

“ဆရာမ ကျန်းမာရေးတော့ ကောင်းပါတယ်။ ဒီနေ့ဝန်းရံသူလည်းရှိတယ်။ တအာင်းလူငယ်ရော၊ သူ့မိသားစုဝင်တွေရောပေါ့။ ဒါပေမဲ့ ဆရာမကိုတော့ မထုတ်လာဘူး။ လာဝန်းရံသူကတော့ အယောက် ငါးဆယ်လောက် ရှိတယ်”

အခုလို ကျောင်းအုပ်ဆရာမကို ဖမ်းဆီးပြီးတော့ တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းရင်းသား၊ ပညာရေးဝန်ကြီးဌာနနဲ့ အချို့သောဌာနဆိုင်ရာတွေကိုလည်း စာတင်ထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ရဲစခန်းဘက်က ဘာအမှုနဲ့ ဖွင့်ထားတာလဲဆိုတာ မိသားစုဝင်တွေကို မပြောပြသေးသလို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်မှာ ဒေါ်သန်းသန်းမျိုးကို ပထမအကြိမ် ရုံးထုတ်ခဲ့ပေမဲ့ ဘာကြောင့် ဖမ်းဆီးထားတာလဲဆိုတာကို မသိရသေးပါဘူး။

ကျောင်းအုပ်ဆရာမ ဒေါ်သန်းသန်းမျိုးကို တပ်မတော်ဘက်က ဖမ်းဆီးသွားပြီးနောက် မိုးကုတ်မြို့နယ်ရဲစခန်းကို အပ်နှံလိုက်တာ ဖြစ်ပါတယ်။

#ကျောင်းအုပ်ဆရာမ #တရားစွဲဆို #မိုးကုတ် #ဒေါ်သန်းသန်းမျိုး
#ဓာတ်ပုံ- Facebook