Skip to main content

ဓလေ့ထုံးတမ်းအောက် ရှုံးနိမ့်နေသော နှလုံးရည်လှ သူရဲကောင်း

ဓလေ့ထုံးတမ်းအောက် ရှုံးနိမ့်နေသော နှလုံးရည်လှ သူရဲကောင်း

မိုင်းရူကော၊ ရွှေဖီမြေ

ဆိုလာမီး အားကိုး၍ ရက်သားအရွယ်သာ ရှိသေးသည့် ကလေးငယ်တစ်ဦးကို နို့တိုက်ဖို့ ကြိုးစားနေသည့် မြင်ကွင်းမှာ စိတ်မချမ်းမြေ့စရာများဖြင့် ရောယှက်နေသည်။ ကလေးငိုသံတိတ်အောင် ကြိုးစား၍ နို့တိုက်နေသည့် အသက် (၁၉)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား မိခင်ဖြစ်သူက ဘေးမှနေ၍ နို့တိုက်ရမည့်ပုံစံကို ပြောပြနေသည်။

ရက်သားအရွယ် ကလေးငယ်ကလည်း နို့ဆာနေပြီး ငိုကြွေးနေသောကြောင့် မိခင်ဖြစ်သူ အမျိုးသမီးငယ်က ကြိုးစား၍ တိုက်နေစဉ် ၅ မိနစ်ခန့်အကြာတွင် ကလေးငိုသံတိတ်သည့်အခါမှသာ မိခင်ဖြစ်သူက ပြုံးနိုင်တော့သည်။

လူငယ်အချင်းချင်း ချစ်ကြိုက်ရာမှ မှားယွင်းကာ လက်မထပ်ပဲ ကလေးရခဲ့သည့်အတွက် လွေးမို(အမည်လွှဲ)အား ကျေးရွာထဲ ဝင်ရောက်နေထိုင်ခွင့်မပြုပဲ ကျေးရွာအပြင်ရှိ သူမ၏မိခင်ဖြစ်သူ ပိုင်ဆိုင်သည့် လယ်တဲထဲတွင် နေထိုင်စေခဲ့သည်။ ထိုလယ်တဲထဲတွင် သူမတို့ မိသားစုသည် ၁ လတိတိကြာ နေထိုင်ပြီးမှသာ ရွာထဲ ဝင်ရောက်နေထိုင်ခွင့်ရမည်ဖြစ်သည်။

လွေးမိုသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် (၁ဝ)မိုင်ပင် မဝေးသည့် ကျေးရွာတွင် နေထိုင်သူဖြစ်သည်။ လက်မထပ်ပဲ ကိုယ်ဝန်ရပြီး ကလေးမွေးပြီးနောက် ကျေးရွာမှ တာဝန်ရှိသူနှင့် ရွာလူကြီးများက ရွာထဲ နေထိုင်ခွင့်မပြုခဲ့ပေ။

ထိုသို့ နေထိုင်ခွင့်မပြုခြင်းမှာ ဘိုးဘွားစဉ်ဆက်ကတည်းက ကျင့်သုံးခဲ့သည့် ဓလေ့ကြောင့် ဖြစ်သည်ဟု ကျေးရွာမှ တာဝန်ရှိသူများက ဆိုသည်။ လက်မထပ်သေးပဲ အတူနေရာမှ ကိုယ်ဝန်ရှိပြီး ကလေးမွေးဖွားခြင်းသည် ကျေးရွာအတွင်း နေထိုင်သူများအတွက် လာဘ်ပိတ်စေခြင်းနှင့် အခြားသော ဘေးအန္တရာယ် ကြုံတွေ့စေနိုင်သည်ဟူသော ဓလေ့များ ရှိနေခြင်းကြောင့်ပင်ဖြစ်သည်။

လွေးမိုသည် သူမ၏ ကလေးကို ၂ဝ၂ဝ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် မွေးဖွားခဲ့သည်။ ထိုနေ့သည် နေ့ကောင်းနေ့မြတ်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါနေ့သည် ၂၇၁၂ ခုနှစ် တအာင်းနှစ်သစ်ကူးရက် ဖြစ်သောကြောင့်ပင်။

လက်ရှိ သူမတို့ နေထိုင်သည့် လယ်တဲသည် ယိုင်နဲ့နေပြီး အကာအရံကို မြေကြီးဖြင့် ပြုလုပ်ထားကာ အမိုးမှာ သက်ကယ်ဖြင့် ဆောက်လုပ်ထားသည်။

ထိုသို့သော အခြေအနေများ ကြုံတွေ့ခဲ့ရသည့်အတွက် ကျေးရွာအတွင်း နေထိုင်သူများ၏ ခွဲခြားဆက်ဆံမှုကို ခံခဲ့ရသည်ဟု လွေးမိုက ပြောသည်။

“ရွာမှာဆို ဘယ်သူမှ ကိုယ်နဲ့စကား မပြောချင်ကြဘူး။ အရမ်း မျက်နှာငယ်ရတယ်။ ဒုက္ခရောက်တာတော့ မပြောနဲ့။ ကိုယ်လည်း ရွာထဲပဲ နေချင်တာပေါ့။ သူတို့မှ ပေးမနေတာ”

ရွာအပြင်တွင်သာ နေထိုင်ရသည့်အပြင် ကျေးရွာကို ဆေးကြောပေးခြင်း၊ ရပ်ရွာရှိ လူကြီး၊ ရပ်မိရပ်ဖနှင့် ရွာလူငယ်ခေါင်းဆောင်များကိုပါ တောင်းပန်ရသည်။ ရပ်ရွာကို ဆေးကြောရန်အတွက် ကျောက်ခဲ ၂ စီးနှင့် ဗြုံး ၂ စီးဖြင့် ရွာအတွင်းရှိ လမ်းများကို ခင်းပေးခဲ့ရသည်။ ထို့အပြင် ရပ်ရွာရှိ လူကြီးများကို ငွေဒဏ် (၁)သိန်း ပေးဆောင်ခဲ့ရသည်။

သူမ၏ခင်ပွန်းမှာ ရန်ကုန်ဇာတိဖြစ်ပြီး မန္တလေးတွင် အလုပ်လုပ်နေသူဖြစ်သည်။ လွေးမိုသည် သူမတွင် ကိုယ်ဝန်ရှိနေသည်ကို ၂ဝ၂ဝ ခုနှစ် ဧပြီလ၌ သိရှိခဲ့ပြီးနောက် ၎င်း၏ချစ်သူ(လက်ရှိ ခင်ပွန်း)ကို ပြောပြခဲ့သည်။

မပြောပြခင် သူမ ဆုံးဖြတ်ထားသည်မှာ သူမ၏ချစ်သူ တာဝန်မယူလျှင်လည်း ကလေးကို မွေးဖို့အတွက် ဆုံးဖြတ်ထားပြီးဖြစ်သည်။ သို့သော် ချစ်သူဖြစ်သူမှာ သူမထင်ထားသလို မဟုတ်ခဲ့ပေ။ ကိုယ်ဝန်ရှိနေကြောင်း ပြောပြပြီးနောက် ၎င်းက တာဝန်ယူမည်ဟုဆိုကာ မန္တလေးမှတစ်ဆင့် ကွတ်ခိုင်မြို့သို့ လာရောက်ခဲ့သည်။

သို့သော် လွေးမို နေထိုင်သည့် ကွတ်ခိုင်သို့ ချက်ချင်း မရောက်နိုင်ခဲ့ပေ။ အကြောင်းရင်းမှာ ကပ်ရောဂါကာလ ကန့်သတ်မှုများကြောင့် လားရှိုးမြို့၌ Quarantine (၁၆)ရက်ကြာ ဝင်ခဲ့ရသည်။

ဆေးစစ်ချက် အောင်မြင်ပြီးနောက်မှသာ ကွတ်ခိုင်မြို့သို့ ပြန်သွားနိုင်ခဲ့သည်။ ထိုမှတစ်ဆင့် ကျေးရွာသို့ သွားရောက်ချိန်တွင် လူကြီးများနှင့် တွေ့ဆုံစကားပြောခဲ့ရာ ကျေးရွာ၏ ဓလေ့အရ လိုအပ်သည့် လုပ်ဆောင်မှုများကို လုပ်ဆောင်ပေးခဲ့ရသော်လည်း ကျေးရွာကပေးသည့် ပြစ်ဒဏ်ကို လွေးမိုနှင့်အတူ ခံခဲ့ရသည်။

လွေးမို၏ မိခင်ဖြစ်သူက “ကိုယ့်ကလေးအတွက် စိတ်ပူတာပေါ့။ ရွာဘက်ကလည်း တစ်လပြည့်မှ ဝင်နေရမယ်ပြောတယ်။ ဒီတဲမှာ နေရတာက အေးတယ်လေ။ ရွာထဲ ပြန်နေခိုင်းစေချင်တာပေ့ါ” ဟု ဆိုသည်။

ကွတ်ခိုင်မြို့နယ်သည် ရှမ်းပြည်နယ်ထဲရှိ အအေးဆုံးမြို့တစ်မြို့ဖြစ်သည်။ ဆောင်းရာသီကာလတွင်သာ အေးသည်မဟုတ်ပဲ နွေရာသီတွင်လည်း အေးသည့်မြို့ဖြစ်သည်။ လက်ရှိ လွေးမိုတို့ နေထိုင်သည့် ကျေးရွာ၏ ရာသီဥတုမှာ ၉ ဒီဂရီအထိ ရှိသည်။

ဓလေ့ထုံးတမ်းအချို့သည် အမျိုးသမီးများကို ဖိနှိပ်နေသည့်အတွက် ဆက်လက် မကျင့်သုံးသင့်တော့ကြောင်း လားရှိုးမြို့အခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)၏ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) လွေးပို;ကမေဲ;ခြိူဝ်းက ထောက်ပြသည်။

“အမျိုးသမီးတွေကို ဖိနှိပ်နေတဲ့ ဒီဓလေ့ထုံးတမ်းဥပဒေတွေကို ပယ်ဖျက်ဖို့ လိုပါတယ်။ အခုလို တိုးတက်လာတဲ့ခေတ်မှာ လက်ရှိသုံးနေတဲ့ ဓလေ့ထုံးတမ်းက လူမှုပတ်ဝန်းကျင်နဲ့ လျော်ညီသေးရဲ့လားဆိုတာကို ကျွန်မတို့က ဝင်ကြည့်ရမယ်။ တစ်ကယ်လို့ လူမှုပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တော့ဘူးဆိုရင် ဆက်ကျင့်သုံးဖို့ မသင့်တော်တော့ဘူး။ ဒါကို မဖြစ်မနေပြင်ရမယ့်ဟာ ဖြစ်နေတယ်”

ကျေးရွာအတွင်း နေထိုင်သည့် အမျိုးသားများ ထိုကဲ့သို့သော မှားယွင်းမိပါက ဘုန်းကံနှိမ့်သည်ဟုဆိုကာ ယတြာခြေသည့်သဘောဖြင့် ဒုလ္လဘသာ ဝတ်စေပြီး ပြစ်ဒဏ်ပေးခြင်းသည် အဓိပ္ပာယ်မရှိသည့် ဓလေ့သာ ဖြစ်သည်ဟုလည်း ဝေဖန်နေကြသည်။

လက်ရှိအချိန်တွင် လွေးမိုတို့ မိသားစုသည် ကျေးရွာထဲသို့ ပြန်လည်ဝင်ရောက်နေထိုင်ခွင့် ရပြီဖြစ်သည်။ သို့သော် မိဘအိမ်ထဲ မဟုတ်ပဲ အိမ်ဘေး၌ မိုးကာတဲထိုးပြီးတော့သာ နေထိုင်ခွင့်ရသည်။

နှလုံးရည်လှသည့် လွေးမိုနှင့် ခင်ပွန်းဖြစ်သူသည် ရက်သားအရွယ်ကလေးနှင့်အတူ အေးလွန်းသည့် ရာသီဥတုကို ဇန်နဝါရီလ ၂၈ ရက်အထိ အန်တုကာ ဖြတ်သန်းနေရအုံးမည်ဖြစ်သည်။

#ဓလေ့ထုံးတမ်း #ကျေးရွာ #အမျိုးသမီး #ကွတ်ခိုင် #လွေးမို
#ဓာတ်ပုံ- မိုင်းရူကော၊ ရွှေဖီမြေ