Skip to main content

သတင်းရယူပိုင်ခွင့် ဆုံးရှုံးဆဲနှင့် ခြိမ်းခြောက်ခံရဆဲ ရှမ်း/မြောက် သတင်းမီဒီယာများ

သတင်းရယူပိုင်ခွင့် ဆုံးရှုံးဆဲနှင့် ခြိမ်းခြောက်ခံရဆဲ ရှမ်း/မြောက် သတင်းမီဒီယာများ

မိုင်းအနိုင်၊ ရွှေဖီမြေ

လက်နက်ကိုင်ပေါင်းစုံ လှုပ်ရှားနေပြီး နယ်မြေဒေသ အေးချမ်းမှု နည်းပါးသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သတင်းမီဒီယာတို့၏ အချက်အလက် ရယူပိုင်ခွင့် နည်းပါးခြင်းသည် စိန်ခေါ်မှုတစ်ရပ်အဖြစ် တည်ရှိနေဆဲဖြစ်သည်။

ရှမ်းမြောက်ဒေသရှိ အစိုးရ၏ သက်ဆိုင်ရာ ဌာနများအပါအဝင် နယ်မြေအေးချမ်းမှုမရှိသည့် လက်နက်ကိုင်ပဋိပက္ခများကြားတွင် သတင်းသွားရောက်ရယူရာတွင် သတင်းပြန်လည်ဖြေကြားမှုမရှိခြင်းနှင့် နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ခံမှုတို့ဖြင့် သတင်းမီဒီယာသမားများက ကြုံတွေ့နေရသည်။

လက်နက်ကိုင် ပဋိပက္ခကြားက သတင်းရယူမှု

ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် ဇွန်လကုန်ပိုင်းတွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၏ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးသည့် အခမ်းအနားသို့ သွားရောက်ခဲ့သည့် DVB သတင်းထောက် ၂ ဦးနှင့် ဧရာဝတီသတင်းထောက် ၁ ဦးတို့သည် မတရားအသင်းနှင့် ဆက်သွယ်သည်ဟုဆိုကာ တပ်မတော်ဘက်က ၁၇(၁)ဖြင့် တရားစွဲဆိုခဲ့သည်။

တရားစွဲခံရပြီး ရက်ပေါင်း ၆ဝ ကျော်ကြာ အချုပ်ထဲတွင် ချုပ်နှောင်ခံရဖူးသည့် သာဓကများ ရှိခဲ့ဖူးပြီး ထိုစဉ်က အဆိုပါ သတင်းသည် သတင်းလောကတွင် ဟိုးလေးတကျော် ဖြစ်ခဲ့သည်။

ထိုအချိန်က တရားစွဲခံခဲ့ရသည့် DVB သတင်းထောက် ကိုအေးနိုင်က “အဲတုန်းက မီဒီယာတွေအနေနဲ့ လက်နက်ကိုင်တွေနဲ့ အချိတ်အဆက်လုပ်ရင် လူအများက လက်နက်ကိုင်အဖွဲ့တွေကို အာရုံစူးစိုက်မှုရသွားမယ်လို့ အုပ်ချုပ်သူဘက်က ယူဆပုံရတယ်။ အဓိက တပ်မတော်ဘက်က မလိုလားတဲ့သဘောရှိတယ်” ဟု ပြောသည်။

၎င်းကဲ့သို့ လုပ်ဆောင်နေခြင်းသည် မီဒီယာ၏ လုပ်ပိုင်ခွင့်ကို ပိတ်ခြင်းထက် ပြည်သူ၏နားများကို ပိတ်လိုက်ခြင်းဖြစ်သည်ဟု သူက ဆိုသည်။

ထိုဖြစ်စဉ်မျိုး ဖြစ်ပွားပြီးနောက်ပိုင်း ရှမ်းမြောက်ရှိ သတင်းမီဒီယာများတင်မက တစ်နိုင်ငံလုံးရှိ သတင်းသမားသည် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ချိတ်ဆက်သတင်းရယူရာတွင် ဆင်ခြင်သတိထားရသည့် အနေအထားသို့ ရောက်ရှိသွားလေသည်။

တပ်မတော်က ၁၇(၁)ဖြင့် တရားစွဲဆိုသည့် အမှုအပါအဝင် NLD အစိုးရသက်တမ်း ၄ နှစ်အတွင်း သတင်းသမား ၆၄ ဦးအထိ တရားစွဲဆိုခံရကြောင်း ရန်ကုန်အခြေစိုက် အသံအဖွဲ့က ထုတ်ပြန်ထားသည်။

လက်နက်ကိုင် ပဋိပက္ခကြား သွားရောက်သတင်းယူနေသည့် သတင်းမီဒီယာများသည် နိုင်ငံတော်၏ တည်ဆဲဥပဒေဖြစ်သည့် မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ၁၇(၁)ကို ကြောက်ရသလို လက်နက်ကိုင်အဖွဲ့များ၏ မီဒီယာများအပေါ် အမြင်လွှဲမှားမှုကိုလည်း ကြုံတွေ့ခံစားနေကြရသည်။

လက်နက်ကိုင်ပဋိပက္ခကြားများတွင် မြေပြင်အထိ သွားရောက်သတင်းယူလေ့ရှိသည့် သတင်းထောက် ကိုကံသာက အချို့လက်နက်ကိုင်များသည် မီဒီယာများကို ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း မရှိသော်လည်း သတင်းမီဒီယာသမားများကို ထောက်လှမ်းရေးအမြင်ဖြင့် မြင်နေကြသည်ဟု ဆိုသည်။

“တိုက်ပွဲကြား သတင်းသွားယူတဲ့အချိန် နှစ်ဖက်တိုက်ပွဲကြားညှပ်သွားရင် ကျဉ်ဆံက ကိုယ့်ဆီ မရောက်နိုင်ဘူးလို့ မဆိုနိုင်ဘူး။ အဲလို အန္တရာယ်ရှိတာက တစ်မျိုး၊ အဲပချိန် တပ်မတော်ဖြစ်ဖြစ် အခြားလက်နက်ကိုင်ဖြစ်ဖြစ်သွားတွေ့ရင် ဓာတ်ပုံမရိုက်နဲ့၊ မတင်နဲ့ဆိုပြီး ပြောလေ့ရှိတယ်။ သူတို့ကတော့ လုံခြုံရေးအရ တားပေမယ့် လက်အောက်ငယ်သားအချို့်က ကျွန်တော်တို့ကို ထောက်လှမ်းရေးဆိုပြီး မြင်တဲ့အမြင်မျိုးရှိနေတယ်” ဟု ကိုကံသာက ဆိုသည်။

တစ်ဖက်တွင်လည်း လက်နက်ကိုင်တပ်ဖွဲ့များ၏ သတင်းများကို ရေးသားဖော်ပြရာတွင် လက်နက်ကိုင် တပ်ဖွဲ့ဘက်က မကျေနပ်မှုကြောင့် သတင်းရေးသားသည့် သတင်းမီဒီယာသမားများကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်မှုဒဏ်ကိုလည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တွေ့ကြုံနေရသည်။

လက်နက်ကိုင်ပဋိပက္ခကြားအတွင်း သတင်းယူရခြင်းထက် လက်နက်ကိုင်များ၏ အကျိုးစီးပွားနှင့် ပတ်သက်ပြီး သတင်းရယူရာတွင် ပိုပြီးအန္တရာယ်ရှိနေကြောင်း Myanmar Now သတင်းထောက်ဖြစ်သူ မြတ်မိုးသူက ပြောသည်။

“လက်နက်ကိုင် ပဋိပက္ခကြားဆိုရင် သူတို့က အလျှော့ပေးသေးတယ်။ အဲဒီအကျိုးစီးပွားနဲ့ ပတ်သက်ရင် သူတို့က အလျှော့မပေးဘူး။ သူတို့ဘက်ကတော့ တိုက်ရိုက်ခြိမ်းခြောက်တာမျိုး မဟုတ်ရင်တောင် သွယ်ဝိုက်ပြီးတော့ နည်းအမျိုးမျိုးနဲ့ခြိမ်းခြောက်ခံရတာမျိုးတွေ ရှိနေတယ်။ မင်းကို ငါတို့လုပ်မယ်လို့တော့ မပြောဘူး။ မင်းတို့က ဒီလိုလုပ်လိုက်တယ်နော်ဆိုပြီး သွယ်ဝိုက်သတိပေးတဲ့ ပုံစံမျိုးတွေ ကြုံနေရတယ်” ဟု မြတ်မိုးသူက ပြောသည်။

ထို့ကြောင့် သူမ၏ မိသားစုဝင် လုံခြုံရေးအတွက် လက်နက်ကိုင်များ၏ အကျိုးစီးပွားနှင့် ပတ်သက်သည့် သတင်းများကို ရှောင်လွဲပြီး သတင်းလုပ်နေရသည်ဟု သူမက ဆိုသည်။

သတင်းမီဒီယာဥပဒေ အခန်း ၄ (ခ)တွင် တိကျမှန်ကန်မှုမရှိသော သတင်းကို ဖော်ပြမိ၍ ပြင်ဆင်ရန်လိုအပ်ပါက ပုံနှိပ်မီဒီယာဖြစ်လျှင် ပြင်ဆင်ချက်ကို ထင်ရှားသော စာမျက်နှာ၌ လည်းကောင်း၊ အခြားမီဒီယာဖြစ်လျှင် အနီးစပ်ဆုံးအချိန်၌လည်းကောင်း အမြန်ဆုံး ဖော်ပြရမည်ဟု ပါရှိထားသည်။

သို့သော် မြေပြင်လက်တွေ့တွင် သတင်းရယူရာ တရားဝင် ပြောခြင်းမျိုး မဟုတ်ဘဲ ပုံစံအမျိုးမျိုးဖြင့် သတိပေးခံနေရသည်ဟု သူမက ဆိုသည်။

“ဖြစ်သင့်တာက ကျွန်မတို့ သတင်းမှားရင် တရားဝင်စာထုတ်ပြီး ဖြေရှင်းလို့ရတယ်။ တရားစွဲလို့ရတယ်။ ဒါပေမဲ့ အဲလိုတွေ မလုပ်ကြဘူး။ အဲလိုဖြစ်တော့ ဘယ်သွားသွား နောက်ကျော သိပ်မလုံဘူး။ တကယ်ဖြစ်သွားရင် ဘယ်သူမှ သိလိုက်မှာလည်း မဟုတ်ဘူး” ဟု မြတ်မိုးသူက ပြောသည်။

သတင်းမီဒီယာသမားများအနေဖြင့် သတင်းအချက်အလက်များကို လွတ်လပ်စွာ ရရှိနိုင်ရန် လွတ်လပ်စွာ သတင်းရေးသားခွင့် ပိတ်ပင်စေနိုင်သည့် ဥပဒေပုဒ်မများကို ပြင်ဆင်သင့်ပြီး ဥပဒေ မပြင်နိုင်သေးခင် မီဒီယာများကို တရားမစွဲသင့်သည့် ဥပဒေပုဒ်မဖြင့် တရားမစွဲရန် လိုအပ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC)မှ ဦးမြင့်ကျော်က ပြောသည်။

ဌာနဆိုင်ရာများတွင် သတင်းရယူမှု အခြေအနေ

သတင်းမီဒီယာဥပဒေတွင် ပါရှိထားသည့် သတင်းမီဒီယာများ၏ ရပိုင်ခွင့် အခန်း ၃(ဃ)တွင် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ အစိုးရရုံး၊ ဌာန၊ အဖွဲ့အစည်းများတွင် သတင်းအချက်အလက် ရယူခွင့်၊ နေရာထိုင်ခင်း ရခွင့်နှင့် ဝင်ထွက်သွားလာခွင့်တို့ ရှိသည်ဟု ဖော်ပြထားသည်။

“ရှမ်းမြောက်မှာ ထွေအုပ်ကလွဲပြီး ကျန်တဲ့ဌာနက သတင်းအချက်အလက်ပေးတာ အားနည်းနေတယ်။ သတင်းမေးရင် ဖြေဖို့အရေး အထက်ကိုစာတင်ရမှာနဲ့ အထက်က ခွင့်ပြုချက်ပေးမှတို့ဖြစ်နေတယ်။ သူတို့ပြောတဲ့အတိုင်း စာတင်ထားလည်း ပြန်မဖြေလာဘူး” ဟု ရှမ်းမြောက်တွင် သတင်းရယူနေသည့် ကိုကံသာက ပြောသည်။

ထိုကဲ့သို့ သတင်းမီဒီယာများကို သတင်းအချက်အလက် မပေးခြင်းသည် သတင်းသိပိုင်ခွင့်ရှိသည့် ပြည်သူများ နစ်နာသလို အသံတစ်ခုတည်းဖြင့် သတင်းရေးသားနေရသည့် သတင်းထောက်အတွက်လည်း တာဝန်ကြီးသည်ဟု သူက ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မူးယစ်ဆေးဝါးအပြင် တရုတ်နိုင်ငံနှင့် နယ်စပ်ချင်း နီးစပ်နေသည့်အတွက် လူကုန်ကူးမှုဖြစ်စဉ်များလည်း မကြာခဏ ဖြစ်ပေါ်လျက်ရှိနေသည်။

သို့သော် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နှင့် လူကုန်ကူးတားစီးရေးအဖွဲ့တို့ကို ဆက်သွယ်သတင်း ရယူရာတွင် ၎င်းတို့ဌာနမှ အချက်အလက်များ မပေးခြင်းသည် ရှမ်းမြောက်ရှိ သတင်းသမားများအတွက် အဓိက ကြုံတွေ့နေရသည့် စိန်ခေါ်မှုဖြစ်နေသည်။

MPC ၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးမြင့်ကျော်က “မီဒီယာဥပဒေမှာက အများသိသင့်တဲ့ အချက်အလက်တွေကို မဖြေကြားဘူးဆိုရင် ဒီဟာကို ကောင်စီကိုတိုင်ကြား။ ကောင်စီကနေ သက်ဆိုင်ရာ ဝန်ကြီးဌာနကို အကြောင်းကြား။ အဲကနေ အောက်ခြေအဆင့်ထိ ပြန်စုံစမ်းမေးမြန်းပြီး အရေးယူခံရမယ်လို့ပဲ ပါထားတာ။ မဖြေတဲ့လူကို ဥပဒေအရ အရေးယူမယ်ဆိုပြီး တိုက်ရိုက်မရှိထားဘူး။ အခုချိန်ထိလည်း မီဒီယာတွေက ကောင်စီကိုတိုင်ကြားထားပေမယ့် ဝန်ကြီးဌာနဘက်က ပြန်အရေးယူတယ်ဆိုတာ မရှိသေးဘူး” ဟု ပြောသည်။

လွန်ခဲ့သည့် ၂ဝ၂ဝ ခုနှစ် ဇွန်လပိုင်းတွင်ပြုလုပ်သည့် ကွတ်ခိုင်မြို့နယ် ကောင်းခါးနှင့် လွယ်ခမ်းကျေးရွာတွင်း စံချိန်တင် ဖမ်းစီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ပွဲတွင် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ကို သတင်းထောက်များက သတင်းမေးမြန်းရာတွင် စာတင်ခိုင်းထားပြီး သတင်းထောက်ဘက်မှ စာတင်ထားသော်လည်း အကြောင်းပြန်ကြားခြင်းမျိုး မရှိခဲ့ပေ။

“မူးယစ်ဆေးဝါးကိစ္စက ပြည်သူတွေသိသင့်သိထိုက်တဲ့ ကိစ္စပဲ။ အဲဒါကြီးကို သူတို့ဘက်က တရားဝင် ထုတ်ပြန်ပေမယ့် အင်တာဗျူးရင် မဖြေပေးဘူး။ အဲကျတော့ တစ်ဖက်အသံနဲ့ပဲရေးပြီး သူတို့ဘက်ကို မဖြေဘူးဆိုတဲ့ အကြောင်းပြချက် သတင်းမှာ ထည့်လိုက်လို့ရပေမယ့် ပြည်သူတွေသိချင်တဲ့ အချက်အလက်က မရတော့ တော်တော်နစ်နာတယ်” ဟု ကိုကံသာက ပြောသည်။

ရှမ်းမြောက်ရှိ ရဲဌာနနှင့်ပြည်သူများအတွက် အရေးကြီးသည့် စားသုံးသူရေးရာဌာနတွင်လည်း သတင်းရယူရာတွင် အခက်အခဲကြုံတွေ့နေရကြောင်း Myanmar Now သတင်းထောက်ဖြစ်သူ မြတ်မိုးသူက ဆိုသည်။

ကုလသမဂ္ဂ၏ ထောင်စုနှစ်စီမံကိန်းပန်းတိုင် SDG 16.10 အရ ပြည်တွင်းဥပဒေပြဋ္ဌာန်းချက်၊ နိုင်ငံတကာ သဘောတူညီချက်များနှင့်အညီ လူထုအား သတင်းအချက်အလက်များ လက်လှမ်းမှီရရှိစေနိုင်ရန်နှင့် အခြေခံကျသော လွတ်လပ်မှုများကို ကာကွယ်ပေးရန် ဖြစ်ပေါ်သေချာစေရမည်ဆိုသည့် ပြဌာန်းချက်ကို မြန်မာအစိုးရက လိုက်နာပါမည်ဟု ကမ္ဘာသိ ကတိကဝတ်ပြုထားပြီးဖြစ်သည်။

မြန်မာနိုင်ငံအစိုးရသည် သတင်းအချက်အလက် သိပိုင်ခွင့်ပါဝင်သည့် ကုလသမ္ဂ၏ထောင်စုနှစ် ရည်မှန်းချက် ပန်းတိုင်များကို အကောင်အထည်ဖော်ပါမည်ဟု ကတိပြုထားခဲ့သည်။

သို့သော် ရှမ်းမြောက်ဒေသတွင် သတင်းမီဒီယာများအနေဖြင့် လူထုများအား သတင်းအချတ်အလက် ချပြနိုင်ဖို့ ရယူရာတွင် ကုလသမဂ္ဂထံသို့ အစိုးရ၏ ကတိပြုထားခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

“သတင်းအချက်အလက် မပေးတာတော့ အစိုးရက သိက္ခာကျတယ်။ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့နိုင်ငံဆိုပြီး ကမ္ဘာမှာ OGT ဆိုတာရှိတယ်။ အဲထဲမှာပါတဲ့ နိုင်ငံတွေက ဂုဏ်သိက္ခာရှိတယ်။ အဲလိုအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ သတင်းအချက်အလက် သိပိုင်ခွင့်(RTI) ဥပေဒပြဌာန်းပြီး ကျင့်သုံးတဲ့ဟာမျိုး ရှိရမယ်။ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ မှာ အဲဒီအဖွဲ့ဝင်ဖြစ်ဖို့ စိတ်ဝင်စားတော့ RTI ကို ရေးဆွဲဖို့ စပြီးတော့ လုပ်ခဲ့တယ်။ အခု အစိုးရသစ်လက်ထက် ၆ နှစ်ကြာတဲ့အထိ လွှတ်တော်ထဲ ဆွေးနွေးတဲ့အဆင့် မရောက်သေးဘူ” ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC)၏ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောသည်။

သတင်းအချက်အလက်ကို အများသိရှိအောင် မချပြခြင်းသည် သက်ဆိုင်ရာဌာန၏ လာဘ်စားမှုနှင့် အဂတိလိုက်စားမှု၏ အဓိကအကြောင်းအရင်းဖြစ်သည်ဟုလည်း ဦးမြင့်ကျော်က ပြောသည်။

#သတင်းရယူခွင့် #ရှမ်း/မြောက် #မတရားအသင်း #ဌာနဆိုင်ရာ #သတင်းမီဒီယာ
#ဓာတ်ပုံ- Facebook