Skip to main content

ကိုဗစ်(၁၉)ရောဂါလက္ခဏာတွေ ခံစားလာရရင် ဘာတွေလုပ်ရမလဲ

ကိုဗစ်(၁၉)ရောဂါလက္ခဏာတွေ ခံစားလာရရင် ဘာတွေလုပ်ရမလဲ

ဇူလိုင် ၁၁ ရက်၊ The Voice

ဦးစွာ ကိုဗစ်(၁၉)ရဲ့ ရောဂါလက္ခဏာတွေကို ဦးစွာပြောပြပေးလိုပါတယ်။ လက္ခဏာတွေကတော့ အဖျားရှိလာတာ၊ ချောင်းဆိုးတာ၊ အသက်ရှူမဝတာ၊ အသက်ရှူခက်ခဲတာ၊ အားအင်ကုန်ခမ်းတာတွေ ဖြစ်ပါတယ်။ ကနဦးမှာတော့ ကိုယ်အပူချိန် မြင့်တက်လာပြီး ချောင်းခြောက် ဆိုးလာတတ်ပါတယ်။ တစ်ပတ်အကြာမှာတော့ အားအင်ကုန်ခမ်းပြီး အသက်ရှူကြပ်တာတွေ ဖြစ်လာမှာပါ။

ကိုဗစ်(၁၉)နဲ့ပတ်သတ်ပြီး ဘာလက္ခဏာမှမပြဘဲလည်း ဖြစ်တတ်တာကိုတော့ သိထားစေလိုပါတယ်။ ကိုဗစ်(၁၉) ကူးစက်ခံရမှုမှာ အဆင့်တွေလိုက်ပြီး လက္ခဏာတွေမတူတာကို သိရပါတယ်။ ရောဂါကူးစက်မှုခံရသူ တစ်ယောက်နဲ့တစ်ယောက်မှာ အဆင့်တွေ မတူကြပါဘူး။ အဆင့်ခွဲမယ်ဆို မပြင်းထန်အဆင့်၊ အတန်အသင့်အ ဆင့်၊ ပြင်းထန်အဆင့်၊ အပြင်းထန်ဆုံး အဆင့်တွေပါ။

မပြင်းထန်တဲ့ အဆင့်မှာဆို ပုံမှန်အဖျားတက်သလိုဖြစ်မယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ် မယ်။ ချောင်းခြောက်ဆိုးမယ်။ နာကျင်ကိုက်ခဲမယ်။ ဒါတွေက သာမန်လူတွေမှာလည်း ဖြစ်တတ်ပါတယ်။

အတန်အသင့်အဆင့်မှာဆို ချောင်းဆိုးမယ်။ အဖျားက ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်ရှိမယ်။ ချမ်းမယ်။ အိပ်ယာထဲက မ ထချင် ဖြစ်နေမယ်။

ပြင်းထန်အဆင့်ကို ရောက်လာတဲ့အခါမှာတော့ အဆုတ်ပါရောင်လာမယ်။

အပြင်းထန်ဆုံးအဆင့်မှာတော့ အဆုတ်ပါပျက်စီးပြီး အသက်အန္တရာယ်ကိုတောင် ထိခိုက်လာနိုင်ပါပြီ။
ဒါတွေကတော့ ကိုဗစ်(၁၉)နဲ့ ပတ်သက်ပြီး ခံစားရမယ့် လက္ခဏာတွေပါ။ အကယ်၍ ကိုယ့်မှာသာ အဲ့လက္ခဏာ တစ် ခုခုခံစားလာရပြီဆို ဘယ်သူ့ကိုမှမကူးအောင် ကိုယ့်ကိုယ့်ကိုယ် တစ်ကိုယ်ရေ ထိန်းချုပ်ပြီး ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာသင့်ပါတယ်။

ကိုယ့်မှာသာ လက္ခဏာတစ်ခုခု ခံစားလာရပြီဆို နီးစပ်ရာဆေးရုံကို ဖုန်းခေါ်လိုက်သင့်ပါတယ်။ မိမိဘယ်သွားခဲ့ တယ်။ ဘာတွေလုပ်ခဲ့တယ်ဆိုတာတွေကို ရိုးသားစွာ ပြောပြလိုက်ဖို့လိုပါတယ်။ သင့်ရဲ့ဧရိယာမှာ မိသားစုဝင်တွေနဲ့ နီးကပ်စွာနေခြင်းမပြုစေဘဲ သူတို့ကိုလည်း အခြားအပြင်လူတွေနဲ့ ထိတွေ့ခြင်းမဖြစ်စေအောင် နေထိုင်ခိုင်း သင့်ပါတယ်။

ဒါ့အတူ နှာခေါင်းစည်းတပ်ခြင်း၊ မျက်နှာဖုံးအကာများတပ်ခြင်း၊ နှာချေချောင်းဆိုးလျှင် တစ်သျှူးများဖြင့် အုပ်ပြီး နှာချေခြင်း ပြုလုပ်သင့်ပါတယ်။ မိမိရဲ့တစ်ကိုယ်ရေ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ဖို့ လိုပါတယ်။ တစ်ဖက်ကလည်း ရောဂါအပေါ် လွန်စွာစိတ်ပူခြင်းမဖြစ်ဖို့ လိုပါတယ်။

တစ်ကယ်လို့ ကိုယ်မဟုတ်ဘဲ အခြားသူဟာ ကိုဗစ်(၁၉) လက္ခဏာအချို့ ခံစားနေရပြီဆိုရင်လည်း သံသယရှိလူနာ ဆိုပြီး ရန်မူခြင်း၊ ရန်ထောင်ခြင်းကို အထူးရှောင်ကြဉ်ရမယ်။ မိမိတို့ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်လူကြီးများကို ချက်ချင်းအကြောင်းကြားသင့်ပါတယ်။ လူနာကို ရောဂါအတွက် စိတ်မပူပန်စေဖို့ ဖြောင်းဖျပြောဆိုထားရမယ်။

လူနာ၏မိသားစုဝင်များကို နောက်ထပ်အပြင်လူများနှင့် ထိတွေ့မှုနည်းစေဖို့ အိမ်တွင်းမှာသာ နေထိုင်ဖို့ သတိပေး ပြောကြားထားသင့်ပါတယ်။

သည်အချိန်မှာ သက်ဆိုင်ရာကို သတင်းပေးခြင်းဟာ ချောက်တွန်းခြင်းမဟုတ်ကြောင်း၊ ကယ်တင်ခြင်းသာဖြစ်ကြောင်း သက်ဆိုင်ရာ မိသားစုကိုလည်း နားလည်အောင် ပြောထားရပါမယ်။ ယခုရောဂါဟာ အပြင်းထန်ဆုံးအဆင့်သာ မဟုတ်ဘူးဆိုရင် ရုတ်တရက် ဆုံးပါးမည့်ရောဂါမဟုတ်ကြောင်းကို သိထားဖို့ လိုပါတယ်။ စနစ်တကျ ကုသမှုခံယူမယ်ဆို သက်သာပျောက်ကင်းနိုင်ပါတယ်။

အထူးအားဖြင့် သံသယလူနာကို ဖိအားဖြစ်စေသော ဓာတ်ပုံများ ရိုက်ကူးပြီး လူမှုကွန်ရက်တွင် ဖြန့်ဝေခြင်းကိုဖြင့် အထူးရှောင်ရှားစေလိုပါတယ်။ ယင်းသို့ ပြုမူခြင်းဟာ လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်သည်ကို အထူးသတိချပ် စေလိုပါတယ်။ သံသယလူနာ တွေ့တယ်ဆိုသော သတင်းကြောင့် လူများ အုပ်စုလိုက်၊ အုတ်အောင်းသောင်းနင်း မဖြစ်စေဖို့ အတတ်နိုင်ဆုံး သိုသိုသိပ်သိပ် ဆောင်ရွက်သင့်ပါတယ်။

သိုသိုသိပ်သိပ်ဟူသည် အချက်အလက်များကို ဖယ်ချန်ထားရမယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။ သံသယလူနာမှလည်း မိမိအသိစိတ်ဓာတ်ဖြင့် မိမိခရီးသွားခဲ့သည်ရှိသော ခရီးရာဇဝင်၊ ယခုလောလောဆယ် ဖြတ်သန်းခဲ့သည်များကို တစ်လုံးမကျန် ဖွင့်ဟပြောဆိုထားဖို့ လိုအပ်ပါ၏။

ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်(၁၉)သည် လူတစ်ဦးတစ်ယောက်တည်း တွန်းလှန်၍ရသော ရောဂါမဟုတ်ပေ။ သို့ဖြစ်ပါ၍ အားလုံးညီညွတ်မှ တွန်းလှန်နိုင်မည်ဖြစ်ပါသောကြောင့် မိမိကိုယ်တိုင်ဖြစ်ခဲ့သည်ဖြစ်စေ၊ အခြားသူမှာ ခံစားနေရသည်ဖြစ်စေ ကိုယ့်ရဲ့ခရီးသွားရာဇဝင်တွေကို မှန်မှန်ကန်ကန်ပြောပြီး အတူတူပူးပေါင်းပါဝင်ဖို့ လိုအပ်လှပါတယ်။

#ကိုဗစ် #လက္ခဏာ #အသိပညာပေး #မြန်မာ