Skip to main content

မူးယစ်တိုက်ဖျက်ရေး ဆက်မလုပ်ဖို့၊ ရိုးရာအဝတ်စား မဝတ်ဆင်ဖို့နဲ့ အမျိုးသားအလံ မသုံးစွဲဖို့ တအာင်းကျေးရွာတွေမှာ မိုင်းဟပြည်သူ့စစ်အဖွဲ့က ထပ်မံသတိပေး

မူးယစ်တိုက်ဖျက်ရေး ဆက်မလုပ်ဖို့၊ ရိုးရာအဝတ်စား မဝတ်ဆင်ဖို့နဲ့ အမျိုးသားအလံ မသုံးစွဲဖို့ တအာင်းကျေးရွာတွေမှာ မိုင်းဟပြည်သူ့စစ်အဖွဲ့က ထပ်မံသတိပေးခဲ့ပါတယ်

မိုင်းအနိုင်၊ ရွှေဖီမြေ

မူးယစ်ဆေးဝါး(ရာမဆေးပြား)သုံးစွဲမှု များပြားလာနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်ပန်ကျေးရွာအုပ်စုများတွင် လွယ်ပန်ကျေးရွာ လူငယ်များက ဦးဆောင်ပြီး မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းကို ပြီးခဲ့သည့် ၂၀၂ဝ ခုနှစ် မေလပိုင်း၌ စတင်လုပ်ဆောင်ခဲ့သည်။

ထိုသို့ လုပ်ဆောင်ရာတွင်လည်း ကျေးရွာလူငယ်များက မိုင်းဟပြည်သူ့စစ်မှ ဗိုလ်မှူးအဆင့်ရှိသူ ဦးစိုင်းဖုန်းကို မတ်လ ၉ ရက်တွင် လွယ်ပန်ရွာ၌ ပြုလုပ်ခဲ့သည့် ကျေးရွာအစည်းအဝေးအတွင်း ခွင့်ပြုချက်တောင်းခံထားပြီး ဦးစိုင်းဖုန်းကိုယ်တိုင်လည်း လက်ခံခဲ့သည်။

မူးယစ်တိုက်ဖျက်ရေး လုပ်ဆောင်ရာတွင် ကျေးရွာအတွင်းရှိ မူးယစ်ဆေးဝါး(ရာမဆေးပြား) ရောင်းဝယ်သူနှင့် သုံးစွဲသူများကို ဒဏ်ငွေရိုက်ခြင်း၊ ကြိုးချည်တုတ်ထားခြင်းနှင့် ရွာပြင်နှင်ထုတ်ခြင်းများကို အဆင့်ဆင့်လုပ်ဆောင်လာခဲ့ကြသည်။

၇ လတာ ကာလအတွင်း လွယ်ပန်ကျေးရွာတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ ၇ ဦးကို ပြစ်ဒဏ်ပေးနိုင်ခဲ့ပြီး ကျေးရွာအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု သိသိသာသာ ကျဆင်းသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “ရောင်းတဲ့လူကို သက်သေနဲ့တကွမိရင် မိတဲ့ပမာဏပေါ် မူတည်ပြီးတော့ ဒဏ်ငွေရိုက်တယ်။ တစ်ပတ်လောက် ကြိုးချည်ထားတယ်။ နောက်တစ်ခေါက်လုပ်ရင် ထောင်ထဲထည့်မယ်။ အဲဒါကို နောက်တစ်ခေါက် ထပ်လုပ်ရင် ရွာအပြင် နှင်ထုတ်မယ်ဆိုပြီး စည်းကမ်းထုတ်ထားပြီးမှ လုပ်တာ” ဟု ပြောသည်။

ထိုသို့ ဖမ်းဆီးရာတွင် မူးယစ်ရောင်းဝယ်ဖောက်ကားသူတစ်ဦးဖြစ်သည့် မိုင်းဟပြည်သူ့စစ်မှ ဗိုလ်မှူး ဦးစိုင်းဖုန်း၏ တပည့်ဖြစ်သူ ဆန်ကော်အမည်ရှိ ပြည်သူ့စစ်တစ်ဦးကိုလည်း မူးယစ်ဆေးဝါး (ရာမဆေးပြား) ၅ ထုပ်ဖြင့် သက်သေနှင့်တကွ ရွာလူငယ်များမှ ဖမ်းဆီးနိုင်ခဲ့သည်။

ဆန်ကော်သည် ဦးစိုင်းဖုန်း၏နောက်တွင် အမြဲလိုက်ပါနေသူဖြစ်ပြီး စုံထောက်ဟုလည်း ကျေးရွာသားများက သိထားကြသည်။ မူးယစ်ဆေးဝါးများ မိသည့်အတွက် ၎င်းကို ကျေးရွာလူငယ်များက ဒဏ်ငွေ ၄ သိန်း ရိုက်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့အရောက်တွင် ဦးစိုင်းဖုန်းအဖွဲ့ ဦးဆောင်သည့် အဖွဲ့သည် လွယ်ပန်ကျေးရွာလူထုများနှင့် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးတွင် ကျေးရွာလူငယ်များအား မပါဝင်စေဘဲ ကျေးရွာသက်ကြီးရွယ်အိုများကိုသာ အစည်းအဝေးတွင် ပါဝင်စေခဲ့သည်။

“သူတို့အစည်းအဝေးလုပ်တာလဲ လူငယ်တွေကို ပါဝင်ခွင့်မပေးဘူး။ ပြီးတော့ လူငယ်တွေဆိုတာ ရပ်ရွာလူကြီးတွေရဲ့စကားကို နားထောင်ရမယ်ဆိုပြီး အစည်းအဝေးမှာ ပြောသွားတယ်” ဟု လွယ်ပန်ကျေးရွာလူငယ်တစ်ဦးက ရွှေဖီမြေသို့ ပြောသည်။

ထိုအစည်းအဝေးတွင် ကျေးရွာလူငယ်အဖွဲ့အစည်းကို ဖျက်သိမ်းပေးရန်၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကိုလည်း ရပ်ဆိုင်းပေးရန်၊ ပွဲလုပ်လျှင်လည်း ဖျော်ဖြေရေးပွဲ မပြုလုပ်ရန်၊ အမျိုးသားအလံကိုလည်း မသုံးစွဲရန်ဆိုပြီး အစည်းအဝေးတွင် ကျေးရွာလူကြီးများအား ဗိုလ်မှူး ဦးစိုင်းဖုန်းကိုယ်တိုင် သတိပေးသွားခဲ့သည်။

“ဘယ်လောက်ထိ ဆိုးလဲဆိုရင် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးထားတဲ့ ပန်းပင်တွေကို ကျွန်တော်တို့ ရပ်ရွာလမ်းဘေးမှာ စိုက်ထားတယ်။ အဲဒါတွေလည်း ပြန်နုတ်ခိုင်းတယ်။ အစက သူတို့ပြောလည်း ကျွန်တော်တို့ မကြားချင်ဟန်ဆောင်တော့ သူတို့ကိုယ်တိုင်လာပြီး ရွာက လူတွေခေါ်သွားပြီးတော့ နုတ်ခိုင်းတာ” ဟု လွယ်ပန်ကျေးရွာလူငယ်တစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်စဉ် ရရှိထားသည့် ဒဏ်ကြေးငွေကို ရန်ပုံငွေအဖြစ် ထားရှိပြီး ကျေးရွာပိုင် ဘုံပစ္စည်းများထားရှိရန်နှင့် အစည်းအဝေးအတွက် ခန်းမဆောင်ဆောက်လုပ်ဖို့ ရည်ရွယ်ထားသော်လည်း ဦးစိုင်းဖုန်းဆိုသူက ရပ်ရွာဆိုသည်မှာ ခန်းမဆောင် မလုပ်ရဘူးဟုဆိုကာ တားမြစ်လိုက်သည်။

တအာင်းအမျိုးသားအလံကိစ္စနှင့် ပတ်သက်၍ လွန်ခဲ့သည့် ၂ဝ၁၆ ခုနှစ်ကတည်းကပင် ထိုအနီးနားရှိ တအာင်းကျေးရွာများကို မသုံးစွဲရန် အကြိမ်ကြိမ် ပိတ်ပင်ခံရပြီး ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်တွင် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ စာတင်ထားသည့်အတွက် ပြန်လည်ပြေလည်ခဲ့ဖူးသည်။

လားရှိုးမြို့နယ် တအာင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ၏ အတွင်းရေးမှူး ဦးအိုက်ချာက “တစ်ကယ်လို့ စာပေနေ့ဘာနေ့ လူမျိုးနဲ့ဆိုင်တဲ့ပွဲဆိုရင် အလံထောင်လို့ ရတယ်တဲ့။ ဘာသာရေးပွဲဆို မထောင်နဲ့တဲ့ အခြားလူမျိုးလဲပါတော့ မကောင်းဘူးတဲ့။ တိုင်းမှူးတို့နဲ့အတူ သဘောတူတုန်းက ပြည်သူ့စစ်ခေါင်းဆောင်တွေလည်း ပါတယ်။ ရိုးရာဝတ်စုံနဲ့ ပတ်သက်ပြီးတော့ရော အခြားရော ဘာမှ ပြောမထားဖူးဘူး” ဟု ပြောသည်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တန့်ယန်းမြို့နယ် တအာင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီက ပြန်လည်စီစစ်ပြီး သက်ဆိုင်ရာကို ထပ်မံတိုင်ကြားသွားမည်ဟု တာဝန်ရှိသူက ရွှေဖီမြေသို့ ပြောသည်။

ဗိုလ်မှူး ဦးစိုင်းဖုန်းမှ ဦးဆောင်သည့် တပ်သည် လွယ်ပန်ကျေးရွာတွင် ၆ လခန့် လာရောက်အခြေလာချမည်ဟု ကျေးရွာသားများအား ပြောဆိုထားသည်။

လက်ရှိတွင်လည်း တပ်စခန်းအချို့ စတင်ဆောက်လုပ်နေပြီဟု ကျေးရွာခံများက ရွှေဖီမြေအား အတည်ပြု ပြောကြားခဲ့သည်။

တန့်ယန်းမြို့နယ် လွယ်ပန်ကျေးရွာအုပ်စုတစ်ဝိုက်၌ လွန်ခဲ့သည့် ၄ နှစ်တွင် ဘိန်းစိုက်ပျိုးမှု ထွန်းကားခဲ့သည့် ဒေသဖြစ်ပြီး လက်ရှိတွင်လည်း အနည်းငယ် စိုက်ပျိုးနေသည်ကို တွေ့ရှိနေရသေးသည်။

ဘိန်းစိုက်ပျိုးရာတွင်လည်း အထွက်နှုန်းပေါ် မူတည်ပြီး မိုင်းဟပြည်သူ့စစ်ကို နှစ်စဉ်အခွန်ဆောင်နေရသည်။

#အမျိုးသားအလံ #ပြည်သူ့စစ် #မူးယစ်တိုက်ဖျက်ရေး #ရိုးရာဝတ်စုံ
#ဓာတ်ပုံ- Local