Skip to main content

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကနေ ပြည်သူတွေ ဘာမျှော်လင့်နေကြလဲ…?

လက်ဖက်ဈေးကောင်းရဖို့နဲ့ အလုပ်အကိုင်တွေ ရှိလာဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်

မိုင်းအနိုင်၊ ရွှေဖီမြေ

အကြိတ်အနယ် ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ယူဆရသည့် တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ရွေးကောက်ပွဲတွင် တအာင်းအမျိုးသား ပါတီ(TNP)ကသာ လွှတ်တော်နေရာအားလုံးကို ထပ်မံအနိုင်ရရှိခဲ့ပြန်သည်။

နမ့်ဆန်တွင် TNP ပါတီအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် တစ်သီးပုဂ္ဂလတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ရွေးကောက်ပွဲတွင် TNP နှင့် NLD ကသာ အပြိုင်အဆိုင် ဖြစ်ခဲ့သည်။ အထူးသဖြင့် ပြည်နယ်အမှတ်(၁)နေရာတွင် ဖြစ်သည်။

တအာင်းလူမျိုး နေထိုင်မှုနည်းပါးသည့် မြို့ပေါ်ရပ်ကွက် ၃ ခုနှင့် ကျေးရွာအချို့တွင် NLD ပါတီက အပြတ်သတ် အနိုင်ရရှိခဲ့ပြီး ကျန်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် TNP ဘက်က မဲအပြတ်သတ် အနိုင်ရရှိခဲ့ပြန်သည်။

မဲရနိုင်ခြေများသည့် အမှတ်(၁)နေရာတွင် အနိုင်ရလိမ့်မည်ဟု ယူဆထားသည့် NLD သည် လက်တွေ့တွင် မဲအရေအတွက် (၂,၆၀၀)ကျော်ဖြင့် TNP ကို အရေးနိမ့်ခဲ့သည်။

လွန်ခဲ့သည့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း TNP ပါတီသည်သာ နေရာအားလုံး အနိုင်ရရှိခဲ့သည့်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌနေရာကိုပါ ရရှိခဲ့သည်။

သို့သော် နမ့်ဆန်လူထုအတွက် လက်တွေ့အလုပ် လုပ်ဆောင်ပေးမှုနေရာတွင်မူ ပွင့်လင်းမြင်သာမှုနှင့် ကျေနပ်စရာ မကောင်းသည့်အတွက် TNP အပေါ် လူထုများ၏ ယုံကြည်အားကိုးမှုသည် ၂ဝ၁၅ ခုနှစ်ထက်စာလျှင် အားလျော့သွားခဲ့သည်။

လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် TNP ပါတီကနေ အနိုင်ရရှိခဲ့ပြီးနောက် ဒေသဦးစီးဥက္ကဌဖြစ်ပြီး ဝေဖန်မှု အများဆုံးဖြစ်ခဲ့သည့် ဦးဝင်းကျော်သည် ယခုရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း (၂၂)မဲသာ ရရှိခဲ့သည်။

နမ့်ဆန်မြို့လယ်ရပ်ကွက်တွင် မဲပေးခဲ့ပြီး အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ဒီတစ်ခါလည်း TNP ကိုပဲ မဲပေးခဲ့ပါတယ်။ အရင်သက်တမ်းတုန်းက ကျေနပ်အားရမှု မရှိပေမယ့် ဒီတစ်ခေါက်တော့ အားကိုးရလိမ့်မယ်ဆိုပြီး မဲပေးခဲ့တာပါ” ဟု ပြောသည်။

ယခု လာမည့် လွှတ်တော်သက်တမ်းတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့ ၂ မြို့ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်ထဲရှိ ပြည်နယ်လွှတ်တော်နေရာ ၄ ခုစလုံးတွင် TNP ပါတီ အနိုင်ရရှိခဲ့သည့်အတွက် ဒေသဦးစီးဥက္ကဌနေရာကိုလည်း TNP ကသာ ရရှိမည်ဖြစ်သည်။

သို့သော် ဒေသဦးစီးဥက္ကဌနေရာအတွက် မည်သူကို ထားရှိခန့်အပ်မည်ဆိုသည်ကိုတော့ ပါတီ၏ဗဟိုကော်မတီဝင်များကသာ ဆုံးဖြတ်လိမ့်မည်ဟု နမ့်ဆန်မြို့နယ် ပြည်နယ်အမှတ်(၂)နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သည့် မိုင်းဝင်းထူးက ပြောသည်။

ဒေသဦးစီးဥက္ကဌနေရာအတွက် လက်ရှိ ရေပန်းအစားဆုံးဖြစ်သူ ၂ ဦးမှာ မိုင်းဝင်းထူးနှင့် မိုင်းသိန်းဇော်ဖြစ်သည်။

မိုင်းဝင်းထူးသည် ၂ဝ၁၅-၂ဝ၂ဝ လွှတ်တော်သက်တမ်း၏ နမ့်ဆန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး မိုင်းသိန်းဇော်သည်လည်း မန်တုံမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အပြင် ဒေသဦးစီးအဖွဲ့၏ အလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။

၂ဝ၂ဝ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ မဲရလဒ်အရ TNP သည် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မူဆယ်မြို့နယ်များတွင် လွှတ်တော်အမတ် (၁၂)ဦး အနိုင်ရရှိခဲ့ပြီး အဆင့်(၅)နေရာတွင် ရပ်တည်လျက်ရှိသည်။

လွန်ခဲ့တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲတွင်လည်း TNP ပါတီသည် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အထက်ပါမြို့နယ်များတွင်ပင် လွှတ်တော်အမတ် (၁၂)နေရာဖြင့် အဆင့် ၅ နေရာတွင် ရရှိခဲ့သည်။

၂ဝ၁ဝ အထွေထွေ ရွေးကောက်ပွဲတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်၊ မန်တုံမြို့နယ်၌ အမျိုးသားလွှတ်တော်အမတ် ၁ ဦး၊ ပြည်သူ့လွှတ်တော်အမတ် ၁ ဦးနှင့် ပြည်နယ်လွှတ်တော်အမတ် ၄ ဦး စုစုပေါင်း ၆ ဦး ရရှိခဲ့သည်။

နမ့်ဆန်မြို့နယ်ထဲတွင် တပ်မတော်နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)တို့သာ အဓိက လှုပ်ရှားနေပြီး တိုက်ပွဲလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသလို မြေမြှုပ်မိုင်းပြဿနာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုပြဿနာများသည်လည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ဒေသတစ်ခုဖြစ်သည်။

လက်ရှိရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် နမ့်ဆန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း မိုင်းလမင်းထွန်း(ခ)အဖြိုးက “တအာင်းတပ်အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စားပွဲဝိုင်းပေါ်မှာ အဖြေတွေရှာနိုင်အောင် ကျွန်တော့်အနေနဲ့ ပြည်ထောင်စုလွှတ်တော်ထဲမှာ အဆိုတွေ တင်တွင်းမယ့် လမ်းတွေတော့ ရှိထားပါတယ်” ဟု ပြောသည်။

လက်ဖက်လုပ်ငန်း တစ်မျိုးတည်းကိုသာ အဓိက လုပ်ကိုင်စားသောက်နေကြသည့် နမ့်ဆန်ဒေသခံများသည် လက်ဖက်ဈေးနှုန်းကောင်းလာစေရန်အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ဆောင်ရွက်ပေးရန် လိုလားနေကြသည်။

ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း၏ ရုံးတာဝန်ခံဖြစ်သူ ဦးဇော်ညွန့်က “အဓိက ကျွန်တော်တို့ တောင်းဆိုချင်တာက နည်းပညာအပိုင်းမှာပေါ့။ ကျွန်တော်တို့အကုန်လုံးက မိရိုးဖလာအတိုင်းပဲ လုပ်လာခဲ့ကြတယ်။ နမ့်ဆန်ဆိုရင် လက်ဖက်မြို့တော်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ လက်ဖက်နဲ့ ပတ်သက်ပြီးတော့ သုတေသနခြံဆိုတာ မရှိဘူး။ မရှိတော့ လက်ဖက်မျိုးပိုင်းနဲ့ ပတ်သက်ရင် အားနည်းတယ်။ အစိုးရသစ်အနေနဲ့ သုတေသနခြံ ရှိလာအောင် လုပ်ပေးစေချင်တယ်” ဟု ဆိုသည်။

လက်ဖက် သုတေသနခြံကိုလည်း အကောင်အထည်ဖော်ပေးနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်သွားမည်ဟု နမ့်ဆန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ မိုင်းလမင်းထွန်းက ရွှေဖီမြေနှင့် သီးသန့်တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။

နမ့်ဆန်မြို့နယ်တွင် နယ်မြေဒေသ အေးချမ်းမှုမရှိခြင်းအပါအဝင် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးခြင်းကြောင့် အခြားပြင်ပဒေသနှင့် ထိုင်း၊ စင်ကာပူ၊ တရုတ်၊ မလေးရှား၊ တောင်ကိုရီးယား စသောနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မှုနှုန်းလည်း နှစ်စဉ် မြင့်မားလျက်ရှိနေသည်။

ထို့ကြောင့် အစိုးရသစ်အနေဖြင့် လူငယ်များကို အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရန်အတွက်လည်း မျှော်လင့်လျက်ရှိနေသည်။

“ယာတအာင်း” အမည်ဖြင့် သဘာဝ ခြံထွက်သီးနှံလုပ်ငန်းများကို တည်ထောင်ခဲ့သည့် လူငယ်တစ်ဦးဖြစ်သူ မိုင်းဇော်လင်းက “တက်လာတဲ့ အစိုးရသစ်ကို လူငယ်တစ်ယောက်အနေနဲ့ အရည်ချင်းရှိရှိ အလုပ်တစ်ကယ်လုပ်ပြနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်စေချင်တယ်။ ကိုယ့်ရဲ့ဒေသမှာ လိုအပ်ချက်တွေ အများကြီးရှိတယ်။ အဲဒီလိုအပ်ချက်တွေကို သေသေချာချာ သိဖို့လိုတယ်။ ရုံးမှာပဲ ထိုင်ပြီးတော့ အလုပ်လုပ်တာမျိုး မဟုတ်ပဲ ကွင်းဆင်းလေ့လာပြီးတော့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးစေချင်တယ်” ဟု ပြောသည်။

နမ့်ဆန်မြို့နယ်သည် တအာင်းလူမျိုးတို့၏ မြို့တော်ဟူ၍ပင် ခေါ်ဆိုသမုတ်ကြသည်။ လက်ဖက်မြို့တော်ဟူ၍လည်း အများစုက သိရှိထားကြသည်။

မည်သို့ပင်ဖြစ်စေ အဘက်ဘက်မှ လိုအပ်ချက်များ ရှိနေသည့် နမ့်ဆန်ဒေသသည် နောင်တက်လာမည့် အစိုးရအနေဖြင့် မည်သည့်အတိုင်းအတာထိ လုပ်ဆောင်ပေးနိုင်မလဲဆိုသည်ကိုတော့ ပြည်သူများက စောင့်မျှော်ကြလျက်ရှိနေသည်။

#ရွေးကောက်ပွဲ #ဒေသခံလူထု #လက်ဖက်လုပ်ငန်း #ဒေသဦးစီး #နမ့်ဆန်