Skip to main content

မွေးဖွားခွင့် ယူထားတဲ့ ကွတ်ခိုင်က ကျန်းမာရေးဆရာမတစ်ဦး ဖမ်းဆီးခံရပြီး ၃ ရက်အကြာမှာ ပြန်လွတ်လာ

မွေးဖွားခွင့် ယူထားတဲ့ ကွတ်ခိုင်က ကျန်းမာရေးဆရာမတစ်ဦး ဖမ်းဆီးခံရပြီး ၃ ရက်အကြာမှာ ပြန်လွတ်လာ

ရွှေဖီမြေ၊ မတ်လ ၁၃ ရက်၊ ကွတ်ခိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံက ဆရာမတစ်ဦးကို ပြီးခဲ့တဲ့ မတ်လ ၁၀ ရက် ညနေ ၆ နာရီမှာ ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးသွားခဲ့ပြီး ဒီနေ့ညနေမှာ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ ဒေါက်တာချမ်းမြေ့လင်းဟာ မွေးဖွားခွင့် ၆ လ ယူထားသူဖြစ်ပြီးတော့ ဒီနေ့ည ၇ နာရီမှာ ပြန်လွတ်လာတယ်လို့ ခင်ပွန်းဖြစ်သူက ရွှေဖီမြေကို ပြောပါတယ်။

“ဒီညနေ ၇ နာရီဝန်းကျင်မှာ ပြန်လွတ်လာတယ်။ လာဖမ်းတာက CDM ကိစ္စပါပဲ။ ရဲတွေက ဆေးခန်းအထိ လာဖမ်းသွားတယ်”

မွေးဖွားခွင့် ၆ လ ယူထားတာကို CDM လုပ်ဆောင်တယ်ထင်ပြီး လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

“သူက ခွင့်ယူထားတယ်။ ကလေးလည်း ငယ်သေးတယ်။ နို့သောက်ရမယ့် အရွယ်လေ။ ကလေးနို့ဆာရင် သူ့ဆီ ပြန်သွားပေးရတယ်” ဆိုပြီး ဖမ်းဆီးခံရစဉ် အခြေအနေကို ခင်ပွန်းဖြစ်သူက ပြောပြပါတယ်။

ကွတ်ခိုင်မြို့နယ်ထဲက ကျန်းမာရေးဝန်ထမ်းတွေလည်း CDM လုပ်ဆောင်နေပြီး ဒီနေ့ မတ်လ ၁၃ ရက်မှာ ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ ဆေးရုံက ဝန်ထမ်းတွေဟာ အိမ်ရာကနေ ဖယ်ရှားခံခဲ့ရပါတယ်။

#ဆေးရုံဝန်ထမ်း #မွေးဖွားခွင့် #ဖမ်းဆီးခံရ #ပြန်လွတ်လာ #ကွတ်ခိုင်
#ဓာတ်ပုံ- Facebook (ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ ဒေါက်တာချမ်းမြေ့လင်း)

Catagories