Skip to main content

နယ်စပ်ဒေသရဲ့ ရွေးကောက်ပွဲ အိမ်မက်

နယ်စပ်ဒေသမှာ နေထိုင်သူတွေဟာလည်း တိုက်ပွဲဒဏ် ခံခဲ့ရပါတယ်

မိုင်းယိုင်နီ၊ ရွှေဖီမြေ

“စစ်ပွဲတွေ ဘာလို့ဖြစ်နေတာလဲ မသိဘူး။ သူတို့က အချင်းချင်းဖြစ်နေတာ မဟုတ်ဘဲနဲ့ ပြည်သူတွေ ထိခိုက်နေရတယ်။ မိသားစုတွေက ခံစားနေရတယ်။ နိုင်ငံတိုင်းမှာတော့ စစ်က ရှိသင့်ပါတယ်။ ဒါပေမဲ့ မငြိမ်းချမ်းနိုင်တာတော့ မဖြစ်စေချင်ဘူး” လို့ နန်းဆိုင်မွန်က ပြောပါတယ်။

သူမဟာ မနက်ဖြန် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ် မဲပေးရမယ့်လူငယ်လည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာလ ၂၀ ရက် မနက် ၆ နာရီအချိန်က မူဆယ်မြို့နယ် မိုင်းယု(၁၀၅)မိုင်မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ မမျှော်လင့်ဘဲ လမ်းမကြီးဘေးမှာရှိနေတဲ့ နန်းဆိုင်မွန်တို့ အိမ်ပေါ်ကို လက်နက်ကြီး ကျခဲ့ပါတယ်။

ပစ်ခတ်သံတွေ ကြားနေရတဲ့အချိန်မှာ အဖွားနဲ့ အဒေါ်ဖြစ်သူက မီးဖိုချောင်ထဲမှာ ပုန်းခိုရင်းနဲ့ လက်နက်ကြီး ထိမှန်ခဲ့တယ်လို့ သူမက ပြောပြပါတယ်။

အဖွားဖြစ်သူဟာ ဦးနှောက်ကို ထိမှန်ခဲ့တဲ့အတွက် ပွဲချင်းပြီး သေဆုံးခဲ့သလို အဒေါ်ဖြစ်သူကလည်း နောက် ၉ ရက် အကြာမှာ သေဆုံးသွားပါတယ်။ သူ့ဦးလေးကလည်း ထိခိုက်မှုကြောင့် လက်ကျိုးခဲ့တယ်လို့ နန်းဆိုင်မွန်က ဆိုပါတယ်။

သူမ အနေနဲ့တော့ ကိုယ့်ဒေသမှာ ငြိမ်းချမ်းစွာနဲ့သာ အသက်ရှင် နေထိုင်သွားချင်တယ်လို့ ပြောပါတယ်။

ဒါကြောင့် မူဆယ်မြို့နယ်ထဲက ကျေးရွာဒေသခံတွေဟာ ဒေသအတွက် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ဖော်ဆောင်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်မျိုးကို လိုလားတောင့်တနေကြပါတယ်။

မနက်ဖြန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ သူတို့လိုချင်တဲ့ ကိုယ်စားလှယ်တွေ ရ မရဆိုတာကို အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ်။

ဒေသခံတွေဟာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာတွေ၊ နေအိမ်ပေါ် လက်နက်ကြီးကျတာတွေ၊ လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့်မရှိတာနဲ့ နေအိမ်အတွင်း ဝင်ရောက်မွှေနှောက်တာတွေကို ကြုံတွေ့နေရပါတယ်။

ဒါ့အပြင် မိုင်းယု(၁၀၅)မိုင် ကျေးရွာအုပ်စုထဲက အောက်နမ့်အွယ်ကျေးရွာခံတွေလည်း ဒီနှစ် မေလ ၂၆ ရက်မှာ ရွာလုံးကျွတ်နေအိမ် ဝင်ရောက်မွှေနှောက်ခံခဲ့ရပါတယ်။ အိမ်တိုင်းနီးပါး ပစ္စည်းအနည်းအများ ပျောက်ဆုံးခဲ့သလို ဝင်ရောက် ရှာဖွေမွှေနှောက်တဲ့သူတွေလည်း တပ်မတော် တပ်မ(၉၉)ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့ လာစစ်ဆေးမယ်ဆိုတာ အဲညမှာ သတင်းကြားလိုက်တယ်။ သူတို့က ပစ္စည်းတွေ ယူသွားမယ်လို့ မထင်ထားဘူးလေ။ သုံးရက်စလုံး သူတို့က စစ်ဆေးတယ်။ မေလ ၃၀ ရက်ရောက်တော့ သူတို့က လာနေခိုင်းတယ်။ ပြန်လာတော့ ဘာမှမရှိတော့ဘူး”

ပျောက်သွားတဲ့ ပစ္စည်းတန်ဖိုးက သိန်း(၅၀)နီးပါး ရှိတယ်လို့လည်း ၎င်းကျေးရွာခံက ဆက်ပြောပါတယ်။

“ဒီအတိုင်း နေသွားမယ်ဆိုရင် ပျောက်စရာအကြောင်း မရှိဘူး။ သူတို့ စစ်ဆေးလို့ ပျောက်သွားတယ်လေ။ အလကားနေရင်း ပျောက်သွားနိုင်လား။ အခုချိန်ထိ ဘာမှပြန်မရသေးဘူး။ အဲအိမ်တောင်မှ ပြန်မနေရဲသေးဘူး”

ဒီလိုဖြစ်နေတာဟာ ဒေသတွင်း နယ်မြေမအေးချမ်းသလို ၂၀၁၅ ခုနှစ်က ယုံကြည်စွာ မဲပေးခဲ့တဲ့ လွှတ်တော်ကိုယ်စားတွေကလည်း ပြည်သူဘက်ကို မရပ်တည်ပေးနိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကျမ အမေတို့ ခေတ်ကလည်း ငြိမ်းချမ်းရေး မရသေးဘူး။ ကျမတို့ ခေတ်လည်း မရသေးဘူး။ ကျမသမီးခတ်ကိုတော့ သေနတ်သံတွေကြားမှာ လွတ်လပ်စွာ သွားလာခွင့်မရှိတာမျိုးတော့ မဖြစ်စေချင်တော့ဘူး”

ဒေသခံတွေရဲ့ လိုလားချက်နဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်မှာ အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီဟာ ငြိမ်းချမ်းရေး အမှန်တစ်ကယ် ဖော်ဆောင်နိုင်မယ်ဆိုတာကို ယုံကြည်တယ်လို့ မူဆယ်မြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းကျော်ဝင်း(ခ)စိုင်းပီးက ပြောပါတယ်။

“ပင်လုံစာချုပ်ကတော့ တကယ်ဖော်ဆောင်ထားတဲ့ အနေအထားမျိုး ရှိပေမဲ့လည်း ပျက်မြဲပျက်နေတဲ့ အနေထားမျိုး ရှိနေတယ်။ အာမခံချက်ကတော့ ပြောလို့မရသေးဘူး။ ခွန်အားရှိသရွေ့ကတော့ လျှောက်လှမ်းသွားမယ်။ ပြည်သူနဲ့အတူ တိုင်းရင်းသားတွေနဲ့အတူ ပူးပေါင်းမယ်ဆိုတာ အပြည့်အဝ ပြောလို့ရတယ်”

မူဆယ်မြို့နယ်ထဲက ဒေသခံတွေဟာ တိုက်ပွဲဒဏ်တင်မကဘဲ ဖမ်းဆီးသွားပြီးနောက် အစအန ဖျောက်လိုက်တာတွေလည်း ကြုံတွေ့နေရပါတယ်။

မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာအုပ်စုထဲက ပန်းတကာ ဦးညီထွမ်းဟာ မေလ ၂၉ ရက်မှာ တပ်မတော်ရဲ့ ဖမ်းဆီးခေါ်ဆောင်တာကို ခံခဲ့ရပြီးနောက် ၂ လကျော်အကြာမှာ သေဆုံးနေတဲ့ ရုပ်အလောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ရပါတယ်။

သူဟာ ရွာပန်းတကာအလုပ်ကို လုပ်နေသူတစ်ဦး ဖြစ်ပါတယ်။ တပ်မတော်ဘက်ကတော့ သူတို့ သတ်ခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

လက်ရှိမှာတော့ ၁ နှစ်သားအရွယ် ကလေးငယ်နဲ့ အိုနေတဲ့ မိဘနှစ်ပါးကို လုပ်ကျွေးနေရတဲ့ ဇနီးဖြစ်သူသာ ကျန်ရစ်ခဲ့ပါတယ်။ ဇနီးဖြစ်သူ ဒေါ်အီစိန်ဌေးကလည်း အခုလို ပြောပါတယ်။

“မဲပေးလို့ နိုင်သွားခဲ့မယ်ဆိုရင် စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ပြည်သူတွေကို မနှိပ်စက်ဖို့ အကြောင်းမဲ့ ဖမ်းဆီးတာတွေ မလုပ်ဖို့ တောင်းဆိုစေချင်ပါတယ်။ ငြိမ်းချမ်းရေးကိုလည်း လိုချင်တယ်”

မူဆယ်မြို့နယ် တအာင်း(ပလောင်)တအာင်းအမျိုးသားပါတီ TNP ကိုယ်စားပြု ပြည်သူ့လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါ်အမ်သိန်းရင်က “အဓိကတော့ တိုင်းရင်းသားတန်းတူရေးနဲ့ ကျား၊ မ တန်းတူရေး ရရှိမှသာ ငြိမ်းချမ်းရေးကိုရမယ်” လို့ သူမက ဆိုပါတယ်။

မူဆယ်မြို့နယ်အနေနဲ့ မဲပေးနိုင်သူ ၁ သိန်းကျော်(၁၁၅,၇၁၆ ဦး)ရှိကြောင်း မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းအရ သိရပါတယ်။

အောက်တိုဘာ ၁၆ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ယီခူး၊ နမ့်ချက်ရွာမ၊ မန်ပြိန်း၊ မန့်စယ်၊ နောင်ချို၊ နောင်ဆိုင်၊ ဖာပွန်လီ၊ မန့်နောင်နဲ့ နမ့်မြဲကချင်ကျေးရွာအုပ်စု ၉ အုပ်စုမှာ ရွေးကောက်ပွဲ ကျင်းပဖြစ်မှာ မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

မူဆယ်မြို့နယ်မှာ SNLD၊ TNP ပါတီအပြင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ(UBP၊ ကချင်အမျိုးသားပါတီနဲ့ တစ်သီးပုဂ္ဂတို့က ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

#ရွေးကောက်ပွဲ #နယ်စပ် #လက်နက်ကိုင်ပဋိပက္ခ #နန်းဆိုင်မွန် #မူဆယ်
#ဓာတ်ပုံ- မိုင်းယိုင်နီ၊ ရွှေဖီမြေ