Skip to main content

မိုးကုတ်က ကျောင်းအုပ်ဆရာမအမှု ရုံးချိန်းစခေါ်၊ ဖမ်းဆီးခံရတဲ့အကြောင်းရင်း မသိရသေးလို့ မိသားစုဝင်တွေပြော

မိုးကုတ်က ကျောင်းအုပ်ဆရာမအမှု ရုံးချိန်းစခေါ်၊ ဖမ်းဆီးခံရတဲ့အကြောင်းရင်း မသိရသေးလို့ မိသားစုဝင်တွေပြော

လွေးပိုးဆငယ်၊ ရွှေဖီမြေ
ဇန်နဝါရီ ၁၂ ရက်၊ မိုးကုတ်

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် မန်နားရွာသစ်မှာ ၂ဝ၂ဝ ခုနှစ် နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲတုန်းက မဲရုံမှူးတာဝန်ကျတဲ့ ကျောင်းအုပ်ဆရာမ ဒေါ်သန်းသန်းမျိုးရဲ့အမှုကို မနေ့ ဇန်နဝါရီလ ၁၁ ရက်က ရုံးချိန်းစတင်ခေါ်ယူခဲ့ပြီး ဘာကြောင့် ဖမ်းဆီးချုပ်နှောင်ခံရလဲဆိုတာကို မသိရသေးကြောင်း မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဒေါ်သန်းသန်းမျိုးရဲ့ ရုံးချိန်းရက်မှာ ဒေသခံနဲ့ ကျောင်းသားသမဂ္ဂတွေအပါအဝင် လာရောက်ဝန်းရံသူ လူဦးရေ (၇ဝ)ကျော် ရှိတယ်လို့ သိရပါတယ်။

လာရောက်ဝန်းရံသူ များတဲ့အတွက်ကြောင့် ဆရာမရဲ့ ပထမရုံးချိန်းမှာ တစ်စုံတစ်ရာ စစ်ဆေးတာမျိုး မရှိတဲ့အပြင် မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မရကြောင်း မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မနေ့က ရုံးချိန်းမှာ ဘာမှပြောခွင့်မရဘူး။ တွေ့ခွင့်လည်း မရဘူး။ ခဏပဲဗျ သူတို့ကားပေါ်တစ်ခါတည်း ခေါ်သွားတယ်။ တရားရုံးခေါ်သွားပြီး တောက်လျှောက်ပဲ ငါးမိနစ်တောင် မကြာဘူး။ ရဲစခန်းကတော့ နောက်တစ်ပတ် ပြန်ချိန်းမယ်လို့ပြောတယ်။ သူတို့က အမှုမစွဲရသေးဘူးလို့ ပြောတယ်။ ကျွန်တော်တို့လည်း တွေ့ခွင့်မရှိဘူးတဲ့”

မိသားစုဝင်တွေအနေနဲ့ကတော့ ကျောင်းအုပ်ဆရာမကို ဘာအမှုနဲ့ တရားစွဲဆိုထားမှန်း မသိရတဲ့အတွက်ကြောင့် ဘာမှလုပ်လို့မရဘူးလို့ ဆိုပါတယ်။

မိုးကုတ်မြို့နယ် တအာင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီရဲ့ ယာယီအတွင်းရေးမှူး မိုင်းဝဏ္ဏက “ဆရာမရုံးချိန်းမှာတော့ တိုင်းရင်းသားလူငယ်တွေ ရှိတယ်။ ဒေသခံတွေရှိတယ်။ မီဒီယာတွေလည်းရှိတယ်။ နောက်တစ်ခုက မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတွေ လာတယ်” လို့ ပြောပါတယ်။

ကျောင်းအုပ်ဆရာမကို ပြီးခဲ့တဲ့ ၂ဝ၂ဝ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် မနက် ၈ နာရီအချိန်မှာ တပ်မတော်က ဖမ်းဆီးသွားပြီး မြို့နယ်ရဲစခန်းကို အပ်နှံလိုက်တာ ဖြစ်ပါတယ်။

#ကျောင်းအုပ်ဆရာမ #တရားစွဲဆို #ရုံးချိန်း #တပ်မတော် #မိုးကုတ်
#ဓာတ်ပုံ- Facebook