Skip to main content

မြန်မာနိုင်ငံမှာ သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေး ၃ သိန်းကျော် ထိုးနှံပြီးစီး

 မြန်မာနိုင်ငံမှာ သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေး ၃ သိန်းကျော် ထိုးနှံပြီးစီး

မြန်မာနိုင်ငံထဲမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ Stay At Home မြို့နယ်ကလွဲပြီး ကျန်မြို့နယ်တွေမှာ ပုံမှန်ကာကွယ်ဆေး ထိုးပေးတဲ့ အစီအစဉ်ထဲက အသစ်ဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေးကို ဒီနေ့ အောက်တိုဘာ ၂၈ ရက်အထိ အသက် ၉ နှစ်ကနေ ၁၀ နှစ်အရွယ် မိန်းကလေးငယ် အယောက် ၃ သိန်းကျော် (၃၂၂,၉၀၀ ဦး)ကို ထိုးနှံပြီးစီးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

၎င်းအစီအစဉ်ကိုတော့ ဒီလ အောက်တိုဘာ ၂၀ ရက်ကနေ စတင်ထိုးနှံခဲ့တာဖြစ်ပြီး မိန်းကလေးငယ် ၄၅၀,၀၀၀ ကျော်ကို ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်ကနေ ၂၀၁၁ ခုနှစ် သြဂုတ် ၃၁ ရက်အတွင်း မွေးဖွားတဲ့သူတွေကိုသာ ထိုးပေးသွားမှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ထဲက နယ်မြေတည်ငြိမ်မှုမရှိသေးတဲ့ဒေသတွေကို တည်ငြိမ်သွားတဲ့အထိစောင့်ပြီး ထိုးနှံပေးသွားမယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုုပ် ဒေါက်တာသန္ဒာလွင်က ပြောပါတယ်။

“ဝေးလံခေါင်ဖျားပြီး သွားလာရ ခက်ခဲတဲ့ဒေသတွေကို လျှပ်တပြက်အစီအစဉ်နဲ့ တစ်နှစ်ကို သုံးကြိမ်သွားရောက်ပြီးတော့မှ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ကမ်းစာစောင်၊ ပိုစတာတွေကိုလည်း တိုင်းရင်းသားဘာသာစကား ၂၇ မျိုးအထိ ဘာသာပြန်ပြီး ထုတ်ဝေသွားဖို့ ရှိတယ်” လို့ သူက ပြောပါတယ်။

သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေး တန်ဖိုးဟာ ၄.၅ ဒေါ်လာ ရှိတယ်လို့ သိရပါတယ်။

ကာကွယ်ဆေးအတွက် လိုအပ်ငွေကိုတော့ မြန်မာအစိုးရက (၂၀)ရာခိုင်နှုန်းနဲ့ Gavi က (၈၀)ရာခိုင်နှုန်း ကုန်ကျခံပေးသွားမှာ ဖြစ်ပါတယ်။

အသက် ၉ နှစ်ကနေ ၁၀ နှစ်အရွယ် မိန်းကလေးငယ်တွေက သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေးထိုးဖို့အတွက် မိမိရဲ့မွေးစာရင်း၊ ကျောင်းဝင်ခွင့်ကဒ်၊ အိမ်ထောင်စုစာရင်း၊ ပုံမှန်၊ အစုလိုက်၊ အပိုဆောင်းကာကွယ်ဆေးထိုး မှတ်တမ်းကဒ်တွေနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနကို သွားရောက်ပြီး အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါတယ်။

သွားထိုးမယ့်နေ့ကိုလည်း အနည်းဆုံး အခြားလူတစ်ဦး လိုက်ပါရပြီး ဆေးထိုးထားတဲ့နေရာဟာလည်း နာတာ၊ နီတာနဲ့ ရောင်တာတွေ ဖြစ်တတ်တယ်လို့ သိရပါတယ်။

အခြားလက္ခဏာကတော့ ဖျားခြင်း၊ မူးဝေခြင်း၊ ပျို့ခြင်းနဲ့ စိတ်ပင်ပန်းခြင်း၊ စိတ်လှုပ်ရှားခြင်းကြောင့် ဆေးထိုးပြီးပြီးချင်းမှာပဲ သတိလစ် မူးဝေခြင်းနဲ့ မေ့မြောတာတွေ ဖြစ်တတ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးပေးသွားမှာဖြစ်ပြီး ပထမထိုးနှံပြီးနောက် ၁၂ လ အကြာမှာ ဒုတိယအကြိမ် ထိုးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။