Skip to main content

လက်နက်ကိုင်ပေါင်းစုံ၏ အခွန်ကြောင့် ဆင်းရဲတွင်းသို့ နစ်သထက်နစ်လာသည့်ရွာ

လက်နက်ကိုင်ပေါင်းစုံ၏ အခွန်ကြောင့် ဆင်းရဲတွင်းသို့ နစ်သထက်နစ်လာသည့်ရွာ

မိုင်းအနိုင်၊ ရွှေဖီမြေ

ပန်ခါးကျေးရွာသည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အကျော်တွင် တည်ရှိသည့် ကျေးရွာဖြစ်သည်။ အိမ်ခြေ (၂၇)အိမ်သာရှိသည့် ထိုကျေးရွာသည် လက်နက်ကိုင်အဖွဲ့ (၄)ဖွဲ့ကို နှစ်စဉ် အခွန်ဆောင်နေရသည်။

ဘိုးဘွားစဉ်ဆက်ကတည်းက စိုက်ပျိုးလာခဲ့သည့် ဘိန်းလုပ်ငန်းများကို လုပ်ကိုင်ရင်း လက်နက်ကိုင်တပ်ဖွဲ့များ၏ အခွန်များကိုလည်း ဘိုးဘွားစဉ်ဆက်ကတည်းက ပေးလာခဲ့ကြရသည်။

ပန်ခါးကျေးရွာသားဖြစ်သူ ကွန်အလစ်က “ဒီနောက်ပိုင်းတွေမှာ လက်နက်ကိုင်တွေဘက် အခွန်ကောက်တာ အရင်ကထက် ပိုပိုဆိုးလာတယ်။ မနှစ်ကဆို အခွန်တွေ တအားကောက်လို့ ဒီနှစ် ကျေးရွာသားတွေ ဘိန်းပြန်စိုက်ဖို့ အရင်းအနှီးကို မရှိတော့ဘူး” ဟု ပြောသည်။

ပန်ခါးကျေးရွာသည် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ်(SSPP/SSA)၊ ကောင်းခါးပြည်သူ့စစ်နှင့် မန်ပန်ပြည်သူ့စစ်အဖွဲ့ ၄ ဖွဲ့ကို အခွန်ပေးဆောင်နေရသည်။

ဘိန်းလုပ်ငန်းကိုသာ နှစ်စဉ်အခွန်ကောက်ခဲ့ဖူးသည့် KIA တပ်ဖွဲ့သည် ပြီးခဲ့သည့်နှစ်တွင် ဘိန်းစိုက်ပျိုးသည့် အိမ်တစ်အိမ်ကို သိန်း(၅ဝ) အခွန်ပေးဆောင်ရန် ပန်ခါးကျေးရွာသို့ စာတစ်စောင် ပေးပို့လာသည်။

“ခါတိုင်း သူတို့ဆီ ဘိန်းအခွန်ပေးနေကျပဲ။ မနှစ်ကတော့ သူတို့ပြောတာ မစိုက်တော့နဲ့။ စိုက်တဲ့လူ အပြစ်ပေးမယ်တဲ့။ ရွာသားတွေ လုပ်စားစရာမရှိတော့ စိုက်ကြတယ်။ အဲတော့ သူတို့က စိုက်တဲ့အိမ် တစ်အိမ်ကို သိန်း(၅ဝ) တောင်းလာတယ်။ ပိုက်ဆံမပေးနိုင်ရင် စစ်သား ၃ နှစ် လုပ်ရမယ်တဲ့” ဟု ကွန်အလစ်က ဆက်ပြောသည်။

သိန်း(၅ဝ) ပေးဆောင်ရန် မတတ်နိုင်သည့် ကျေးရွာသားများသည် KIA တပ်ဖွဲ့၏ သံလွင်ခရိုင် လွယ်တောင် မြို့နယ်မှူးဖြစ်သူ နောရီးကို သွားရောက်တောင်းပန်၍ (၂၇)သိန်း ပေးဆောင်ခဲ့ရသည်။

KIA တပ်ဖွဲ့အပါအဝင် အခွန်ကောက်သည့် လက်နက်ကိုင်အဖွဲ့များသည် ဘိန်းခြစ်ပြီးချိန် တန်ခူးလတွင် အခွန်ကောက်လေ့ရှိသည်။

အဖွဲ့တိုင်းသည် တပ်ဖွဲ့ဝင်များနှင့် အခွန်လာကောက်လေ့မရှိဘဲ ပေးဆောင်ရမည့် အခွန်ပမာဏနှင့် ပေးရမည့်နေရာကို ကျေးရွာများသို့ စာနှင့်တကွ ပေးပို့လာတတ်သည်။

KIA တပ်ဖွဲ့ဝင်များသည် ဘိန်းခြစ်ချိန်များတွင် ထိုဒေသတစ်ခွင်၌ မြေပြင်အထိ စစ်ရေးလှုပ်ရှားလေ့ ရှိသည်ဟု ရွာခံများက ဆိုသည်။

KIA တပ်ဖွဲ့ကို ဘိန်းအခွန် နှစ်စဉ်နှစ်တိုင်း ပေးဆောင်နေရပြီး KIA ဘက်က ကျေးရွာသားများကို ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း မရှိဖူးသေးဘူးဟု ကျေးရွာသားများက ဆိုသည်။

ကောင်းခါးပြည်သူ့စစ်ကို ပြီးခဲ့သည့်နှစ်တွင် ပန်ခါးကျေးရွာသားများက ဘိန်းအခွန် (၁ဝ)သိန်း ပေးခဲ့ကြရသည်။ ထိုပေးဆောင်ရမည့်အခွန်ကို ကောင်းခါးပြည်သူ့စစ်ရှိရာ ပန်လော့ကျေးရွာတွင် သွားရောက်ပေးရသည်ဟု ဆိုသည်။

SSPP တပ်ဖွဲ့နှင့် မန်ပန်ပြည်သူ့စစ်အဖွဲ့ ၂ ဖွဲ့ကို ပန်ခါးကျေးရွာသားများသည် လွန်ခဲ့သည့် နှစ်များစွာကတည်းက ဘိန်းအခွန် ပေးဆောင်ခဲ့ရသည်။

ဘိန်းအခွန်ဆောင်သည့်နေရာတွင် ဘိန်းထွက်သည့် ပမာဏပေါ် မူတည်ပြီး အချိုးကျ ပေးရသည်။

ပြီးခဲ့သည့် နှစ်အတောအတွင်း SSPP တပ်ဖွဲ့ကို အခွန်ပေးဆောင်ရသည့်နေရာတွင် သံလွင်ခရိုင် အမှတ်(၂၈) မြို့နယ်မှူး မိူဝ်ကြီး၏ ဦးဆောင်မှုအောက်တွင် ပေးဆောင်ရသည်။

မိုင်းယော်ဘက်တစ်ကြောတွင် မန်ပန်ပြည်သူ့စစ်သည် မူလတွင် လွှမ်းမိုးမှု အားကောင်းခဲ့သည့် ဒေသဖြစ်သည်။ ဘိန်းစိုက်ပျိုးရာတွင် စိုက်ပျိုးခွင့်ရှိ၊ မရှိခြင်းသည် ၎င်းတို့၏ အာဏာစက်အောက်တွင်သာ ရှိသည်။

ယခုတွင်မူ ထိုဒေသတွင် လှုပ်ရှားသည့် လက်နက်ကိုင် ပိုများလာသည့်အတွက် မန်ပန်ပြည်သူ့စစ်၏ အာဏာသည့် လျှော့နည်းလာခဲ့သည်။ သို့သော် ဘိန်းခွန်ကို ၎င်းတို့ တပ်ဖွဲ့ထံ အခွန်ပေးဆောင်နေရဆဲဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် ပန်ခါးကျေးရွာသားများသည် မန်ပန်ပြည်သူ့စစ်များကို ဟိုခမ့်ကျေးရွာရှိ စစ်ဗိုလ်ပလုံယွင်စီ ဘိန်းခွန် သွားဆောင်ခဲ့ရသည်။

ကောင်းခါးပြည်သူ့စစ်နှင့် မန်ပန်ပြည်သူ့စစ်အဖွဲ့ ၂ ဖွဲ့ကို ဘိန်းခွန်အပြင် ကျေးရွာသားများသည် တစ်နှစ်အတွင်း ဆန်ကိုလည်း ပုံမှန်အခွန်ပေးဆောင်ရသည်။

“သူတို့ဆီတော့ ပုံမှန် မရှိဘူး။ တစ်ခါတစ်လေ ၅ ပုံး တောင်းတယ်။ တစ်ခါတစ်လေ (၁ဝ)ပုံး တောင်းတယ်။ တစ်အား များလာရင်တော့ သွားတောင်းပန်ရတယ်။ ကိုယ်ဘယ်လောက်ပဲ ပေးနိုင်လည်းဆိုတာကို ပြန်ညှိရတယ်” ဟု ပန်ခါးကျေးရွာခံဖြစ်သူ ကွန့်အိလှကလည်း ပြောသည်။

ထိုဒေသတွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့လည်း လှုပ်ရှားနေပြီး ၎င်းတို့တပ်ဖွဲ့ထံ အခွန်ပေးဆောင်ရခြင်းမရှိသေးကြောင်း ပန်ခါးကျေးရွာခံများက ပြောသည်။

တပ်မတော်သည်လည်း ထိုဒေသတွင် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပိုမိုလှုပ်ရှားလာခဲ့ပြီး TNLA အပြင် MNDAA တပ်ဖွဲ့နှင့်လည်း မကြာခဏ ထိပ်တိုက်တွေ့၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြဖူးသည်။

“တအာင်းစစ်သားတွေတော့ ခဏခဏလာပြောတယ်။ ဘယ်သူအခွန်တောင်းတောင်း မပေးနဲ့တဲ့။ ဒါပေမဲ့ အခြားအဖွဲ့က စာကရောက်လာတော့ မပေးဘဲ မနေရဲဘူးလေ။ မပေးဘဲ နေရင် သူတို့လာဖမ်းရင် ဘယ်လိုလုပ်မလဲ။ ပေးရမယ့်အချိန် နည်းနည်းကျော်သွားရင်တောင် စိတ်မလုံဘူး။ ကြောက်နေရတယ်” ဟု ကွန့်အိလှက ဆက်ပြောသည်။

တအာင်းကျေးရွာ များပြားသည့် ထိုဒေသတွင် TNLA တပ်ဖွဲ့သည် လှုပ်ရှားမှုအားကောင်းနေပြီး တပ်မတော်နှင့်လည်း တိုက်ပွဲမကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ကျေးရွာတိုင်းကို မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမဆို အခွန်မပေးဆောင်ကြဖို့ TNLA ဘက်က ပြောဆိုထားသော်လည်း လက်နက်ကိုင်အဖွဲ့ပေါင်းစုံကြားတွင် နေထိုင်နေရသည့် ထိုကျေးရွာခံများသည် လက်နက်ကိုင်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များကို အခွန်ဆက်လက် ပေးဆောင်နေရဆဲဖြစ်သည်။

ဝေးလံခေါင်းဖျားပြီး လက်နက်ကိုင်ပေါင်းစုံ၏ အခွန်ကို ဆောင်ရသောကြောင့် ဆင်းရဲသထက် ဆင်းရဲနွံထဲ ရောက်လာသည့် ပန်ခါးကဲ့သို့ကျေးရွာသည် မိုင်းယော်တိုက်နယ်တွင် အများအပြားရှိသည်။

စာသင်ကျောင်း မရှိခဲ့ဖူးသည့်အတွက် ပညာတတ်မြောက်မှုနှုန်းလည်း နိမ့်ကျသည့် ထိုဒေသတွင် လက်နက်ကိုင်များ၏ နှိပ်စက်မှုဒဏ်ကို တွန်းလှန်နိုင်ဖို့ အလှမ်းဝေးနေအုံးမည်ဖြစ်သည်။

#လက်နက်ကိုင် #အခွန် #SSPP #ဘိန်းလုပ်ငန်း #KIA #မန်ပန်ပြည်သူ့စစ် #TNLA #ကောင်းခါးပြည်သူ့စစ် #MNDAA #ပန်ခါး #မိုင်းယော်
#ဓာတ်ပုံ- မိုင်းအနိုင်၊ မိုင်းနော;ဒါင်း၊ ရွှေဖီမြေ